ပြင်သစ် လီဂူးဝမ်း ထိပ်သီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်ကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ နှစ်ကျော့ပေါင်း ရလဒ် ၃-၀နဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် သူတို့အသင်းဟာ လီဂူးဝမ်းချန်ပီယံဆု အတွက် အာရုံစိုက် ကြိုးပမ်းတော့မယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပီအက်စ်ဂျီက ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ထားတာကြောင့် ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို ၂ဂိုးပြတ်နဲ့ အနိုင်ရဖို့ ကြိုးစားခဲ့ပေမယ့် ထင်ထားသလို မဖြစ်လာခဲ့ပါဘူး။

Photo Credit: Goal

ဘိုင်ယန်မြူးနစ် ၂-၀ ပီအက်စ်ဂျီ ပွဲစဉ်မှာ ပီအက်စ်ဂျီက ပထမပိုင်းမှာ ဘိုင်ယန်မြူးနစ်ထက် ကစားပုံ အနည်းငယ် သာခဲ့သလို ဂိုးသွင်းခွင့် တချို့လည်း ရခဲ့ပေမယ့် အခွင့်အရေးတွေကို အပိုင် အသုံးမချနိုင်ခဲ့တာကြောင့် ဒုတိယပိုင်းမှာ အိမ်ရှင် ဘိုင်ယန်မြူးနစ်ဘက်က ကစားအား တင်လာတဲ့ အချိန်မှာ အခက်အခဲတွေနဲ့ ကြုံခဲ့ရပြီး ဘိုင်ယန်မြူးနစ်က အနိုင်ဂိုး ၂ဂိုးစလုံးကို ဒုတိယပိုင်း တခုထဲမှာတင် သွင်းယူခဲ့တာပါ။

ဘိုင်ယန်မြူးနစ် အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၆၁မိနစ်မှာ တိုက်စစ်မှူး ချူပိုမိုတင်နဲ့ ပွဲချိန် ၈၉မိနစ်မှာ တောင်ပံ ကစားသမား ဂနာဘရီတို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ သတင်းထောက် တဦးက  ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ အစောကြီး ထွက်ခွာခဲ့ရတာကြောင့် စိတ်ပျက်မိလားလို့ အမ်ဘာပေကို မေးမြန်းခဲ့ရာမှာ အမ်ဘာပေက ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပေမယ့် စိတ်ဓာတ်ပိုင်းမှာ တည်ငြိမ်နေဆဲ ဖြစ်ကြောင်းနဲ့ လီဂူးဝမ်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် အာရုံစိုက်သွားဖို့ပဲ စဉ်းစားထားကြောင်း ပြန်ဖြေသွားခဲ့ပါတယ်။

Photo Credit: Goal

အမ်ဘာပေက – “ကျွန်တော်က အနာဂတ်အကြောင်း မတွေးထားသေးပါဘူး။ ကျွန်တော်က တည်တည်ငြိမ်ငြိမ်ပါပဲ။ အခုချိန်မှာ ကျွန်တော့်အတွက် အရေးပါတဲ့ တခုထဲသော အရာက လီဂူးဝမ်းပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ဖို့ပါ။ အဲ့ဒါပြီးရင်တော့ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပေမယ့် ပီအက်စ်ဂျီက လီဂူးဝမ်းပြိုင်ပွဲမှာ အဆင့်(၁)နေရာကို သိမ်းပိုက်ထားနိုင်ဆဲ ဖြစ်သလို ဒုတိယနေရာမှာ ရှိနေတဲ့ မာဆေးလ်ကို ရမှတ် ၈မှတ် အထိ ဖြတ်တောက်ထားနိုင်ပါတယ်။