ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမားသစ်ဖြစ်တဲ့ ပြင်သစ် စူပါစတား တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေကတော့ ရီးယဲလ်ရဲ့ ရာသီကြို အမေရိကန် ခရီးစဉ်ကို လိုက်ပါနိုင်ဦးမှာ မဟုတ်ပဲ အတ္တလန်တာအသင်းနဲ့ ရင်ဆိုင်သွားရမယ့် ဥရောပစူပါဖလားပွဲစဉ်မှသာ အသင်းအတွက် ပထမဦးဆုံး ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။

ရီးယဲလ်ဟာ ဒီနွေမှာ အသင်းအတွက် အကြီးမားဆုံး ကစားသမားသစ် ခေါ်ယူမှုအဖြစ် ပြင်သစ်ကြယ်ပွင့် ကစားသမား ဘာပေကို ပီအက်စ်ဂျီအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ တရားဝင် ခေါ်ယူလိုက်ပြီး (၅)နှစ်စာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ပါတယ်။

Photo Credit : Managing Madird

ဘာပေလို ထိပ်တန်း ကစားသမားကောင်းတစ်ဦးကို အရ ခေါ်ယူလိုက်နိုင်တဲ့ ရီးယဲလ်အသင်းဟာ ဘာပေနဲ့ အသင်းပရိသတ်တွေ မိတ်ဆက်ပွဲကို ခမ်းခမ်းနားနား ကျင်းပခဲ့ပြီး ပရိသတ်ပေါင်း (၈)သောင်းကျော်အထိ တက်ရောက်ခဲ့ကြပါတယ်။ အသက် (၂၅)နှစ်အရွယ် တိုက်စစ်မှူး ဘာပေဟာ ငယ်စဉ်ကတည်းက ရီးယဲလ်အသင်းမှာ ကစားချင်ခဲ့တာဖြစ်ပြီး အခုတော့ သူရဲ့စိတ်ကူးအိမ်မက်တွေလည်း ပြည့်ဝခဲ့ရပြီဖြစ်ကြောင်း မနေ့က မိတ်ဆက်ပွဲမှာပဲ ပြောဆိုသွားခဲ့ပါတယ်။

ဒါပေမယ့် ဘာပေက ရီးယဲလ်အသင်းနဲ့အတူ ရာသီကြို အမေရိကန် ခြေစမ်းပွဲ ခရီးစဉ်တွေကိုတော့ လိုက်ပါသွားနိုင်ဦးမှာ မဟုတ်ပဲ လာမယ့် သြဂုတ်လလယ် ပိုလန်နိုင်ငံ ပိုလန်ဘောလုံးအသင်းရဲ့ အိမ်ကွင်း PGE Narodowy ကွင်းကြီးမှာ ကျင်းပမယ့် ဥရောပစူပါဖလား ပြိုင်ပွဲကြီးမှသာ အသင်းအတွက် ပွဲဦးထွက်နိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit : CNN

ဘာပေဟာ ပြင်သစ်အသင်းနဲ့အတူ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တောက်လျှောက် ပါဝင်ကစားခဲ့ရပြီး ပြိုင်ပွဲကနေ ထွက်ခွာလာရချိန်မှာ ရီးယဲလ်အသင်းနဲ့ အပြောင်းအရွှေ့ ကိစ္စရပ်တွေကို ဆက်တိုက် လုပ်ဆောင်ထားရတာကြောင့် နွေရာသီ အနားယူချိန် မရှိသေးတဲ့အတွက် ဘာပေကို ရက်သတ္တပတ် အနည်းငယ် အနားပေးဖွယ် ရှိနေပါတယ်။

ဒါ့အပြင် ယူရိုပြိုင်ပွဲနဲ့ ကိုပါအမေရိကပြိုင်ပွဲတွေမှာ ဆီမီးဖိုင်နယ် ဗိုလ်လုပွဲ တတိယနေရာလုပွဲတွေအထိ ကစားခဲ့ကြရတဲ့ ဘယ်လင်ဟမ် ကာဗာဟယ်လ် ဗယ်လ်ဗာဒီ ချူအာမန်ဒီ ကာမာဗင်ဂါ မန်ဒီတို့လို ကစားသမားတွေကိုလည်း ကစားသမားသစ် ဘာပေနဲ့အတူ အမေရိကန် ခရီးစဉ်ဆီ မခေါ်ဆောင်သွားပဲ အနားပေးသွားရနိုင်ပါတယ်။