ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ ဘာစီလိုနာကို အဝေးကွင်းမှာ ၁-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ဆီ တက်ရောက်နိုင်ခဲ့ပြီးနောက် သူ့ရဲ့အိမ်မက်ဟာ ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူဖို့ ဖြစ်ပြီး ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အမ်ဘာပေရဲ့ ပီအက်စ်ဂျီက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် ဘာစီလိုနာကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ၂-၃ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ထားတာကြောင့် ဆီမီးဖိုင်နယ်ဆီ တက်ဖို့ ဆိုရင် ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဒုတိယအကျော့ပွဲမှာ မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ အမ်ဘာပေ ဦးဆောင်လာတဲ့ ပီအက်စ်ဂျီက စပိန်မြေမှာ ကစားရတဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ ဘာစီလိုနာကို ပွဲစပွဲဆုံး ဖိအားပေး တိုက်စစ်ဆင် ကစားခဲ့ပြီး ဘာစီလိုနာက ရာဖင်ညာရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဒမ်ဘီလီက ပထမပိုင်း မပြီးခင်မှာတင် ပီအက်စ်ဂျီ အတွက် ချေပဂိုးကို ပြန်သွင်းပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အမ်ဘာပေရဲ့ ခြေစွမ်းကောင်းတွေနဲ့အတူ ပီအက်စ်ဂျီက အနိုင်ဂိုး ၃ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ပီအက်စ်ဂျီ အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၅၄မိနစ်မှာ ဗီတင်ညာ ၊ ပွဲချိန် ၆၁မိနစ်နဲ့ ၈၉မိနစ်တွေမှာ အမ်ဘာပေတို့က အသီးသီး သွင်းယူပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

Photo Credit: Euro Sports

ဘာစီလိုနာ ၁-၄ ပီအက်စ်ဂျီ ပွဲအပြီးမှာတော့ အမ်ဘာပေက ဆီမီးဖိုင်နယ်ဆီ တက်နိုင်ခဲ့တဲ့ အတွက် ပျော်ရွှင်နေပြီး သူ့ရဲ့ အိမ်မက်ဟာ ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်နိုင်ဖို့ ဖြစ်တာကြောင့် ဗိုလ်လုပွဲဆီ တက်နိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ဆိုလာပါတယ်။

အမ်ဘာပေက – “ကျွန်တော်က ပဲရစ်သား တယောက် ဖြစ်ခွင့် ရတဲ့ အပေါ် ဂုဏ်ယူမိပါတယ်။ ကျွန်တော်က ပဲရစ်မြို့မှာပဲ နေထိုင် ကြီးပြင်းခဲ့တဲ့သူပါ။ ကျွန်တော့်ရဲ့ အိမ်မက်က ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူး ရယူနိုင်ဖို့ပါပဲ။ ကျွန်တော်တို့က ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ။ ကျွန်တော့်နိုင်ငံရဲ့ မြို့တော်ကို ကိုယ်စားပြုတဲ့ ပီအက်စ်ဂျီ အတွက် ကစားပေးခွင့် ရလို့ ဂုဏ်ယူမိပါတယ်။ ဒီအသင်းမှာ ကြီးပြင်းခွင့် ရခဲ့တာက ကျွန်တော့်အတွက် ထူးခြားပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။