ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ် ကြယ်ပွင့် တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေဟာ လာမယ့်နွေမှာ ပီအက်စ်ဂျီက ထွက်ခွာပြီး သူ့ကို အလိုရှိနေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြင်သစ် အခြေစိုက် နာမည်ကြီး သတင်းမီဒီယာတွေက ဖော်ပြလာခဲ့ပါတယ်။

ဘာပေအနေနဲ့ အခု ဖေဖော်ဝါရီလအတွင်းမှာပဲ သူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခု ချမှတ်မယ်လို့ သတင်းထွက်လာပြီးနောက်ပိုင်း ရက်ပိုင်းလောက်အကြာမှာပဲ အခုလို ရီးယဲလ်ဆီ ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းကပါ ထပ်မံ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Goal

မိုနာကို ကစားသမားဟောင်း ဘာပေဟာ ရီးယဲလ်အသင်း အလိုရှိဆုံး ကစားသမားတစ်ဦးဖြစ်ပြီး သူ့ကို ခေါ်ယူနိုင်ဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပေမယ့် အခု ၂၀၂၄နွေမှာတော့ ဘာပေကို ရီးယဲလ်အသင်း ဂျာစီနဲ့ သေချာပေါက် မြင်တွေ့လာရနိုင်ပါတယ်။

ပီအက်စ်ဂျီဘက်ကလည်း ဘာပေလို သူတို့အသင်းအတွက် အရေးပါလှတဲ့ ကစားသမားတစ်ဦးကို အလွတ်နဲ့ လုံးဝ လက်မလွတ်ရရေးအတွက် မက်လုံးအမျိုးမျ်ိုးပေးပြီး သက်တမ်းတိုးဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဘာပေက ကစားသမားဘဝရဲ့ အကောင်းဆုံး အချိန်တစ်ခုကို ရောက်ရှိနေပြီဖြစ်လို့ ဒီအချိန်မှာ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ဖို့ဟာလည်း သူ့အတွက် အချိန်ကိုက် ဖြစ်လာခဲ့ပါတယ်။

Photo Credit : Sport Brief

ဘာပေ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ဖို့ ရွေးချယ်လိုက်ပြီဆိုတဲ့ သတင်းက လက်ရှိ အချိန်ထိတော့ ရာနှုန်းပြည့် ယုံကြည်ရနိုင်တဲ့ သတင်းမျိုး မဟုတ်သေးပေမယ့်လည်း ပြင်သစ်ရဲ့ Le Parisien လို သတင်းမီဒီယာမျိုးကနေ ဖော်ပြလာတာဖြစ်လို့ သေချာသလောက်တော့ ရှိနိုင်ပါတယ်။

ဆက်စပ်ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေအရ ပီအက်စ်ဂျီကလည်း ဘာပေ အသင်းကနေ ထွက်ခွာတော့မယ် ဆိုတာကို သဘောတူညီခဲ့တဲ့အပြင် ဘာပေနေရာမှာ ပြန်လည် အစားထိုးဖို့အတွက် အေစီမီလန်ရဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမား ရာဖယ်လ် လီယာအိုကို နံပါတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။