ပြင်သစ်ကြယ်ပွင့် တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေဟာ ပြင်သစ်လက်ရွေးစင်အသင်းကနေ ကိုယ့်ဘာသာကိုယ် နားနေခဲ့စဉ်အတွင်း နိုင်ငံတကာ ဘောလုံးသမားဘဝကနေ အနားယူဗလာက်ဖို့အထိ စဉ်းစားခဲ့တယ်လို့ သိရပါတယ်။
ရိုမိန်း မိုလီနာရဲ့ ဖော်ပြချက်အရ ဘာပေဟာ ၂၀၂၄ ခုနှစ် နှောင်းပိုင်းကာလမှာ နိုင်ငံတကာပွဲတွေကနေ အနားယူဖို့ စိတ်ထဲမှာ အလေးအနက်ထား စဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပွဲစဉ်(၂)ပွဲဆက်တိုက် ပါဝင်ခြင်းမရှိဘဲ နားနေခဲ့တာကြောင့် သူ့ရဲ့ လက်ရွေးစင်အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးပေးမှုတွေ အများအပြား ထွက်ပေါ်လာခဲ့ပါတယ်။
Photo Credit : Goal
ပြင်သစ်အသင်းနည်းပြ ဒီဒီယာ ဒက်ချမ့်က ဘာပေကို အသင်းလူစာရင်းကနေ ချန်လှပ်ထားခဲ့တာလို့ လူအများက ထင်ခဲ့ကြပေမယ့် မိုလီနာရဲ့ အဆိုအရ ဘာပေကိုယ်တိုင်က ပါဝင်ခြင်းမရှိဖို့ ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘာပေနဲ့ ဒက်ချမ့်တို့ တိုက်ရိုက်ဆွေးနွေးပြီးနောက် အခြေအနေက ပြောင်းလဲသွားခဲ့ပါတယ်။ ပြင်သစ်အသင်းကို ကာလရှည်ကြာ ကိုင်တွယ်ခဲ့တဲ့ နည်းပြကြီးက တင်းမာမှုတွေကို လျှော့ချနိုင်ခဲ့ပြီး ဘာပေကို လက်ရွေးစင်အတွက် ဆက်လက်ကစားဖို့ နောက်ဆုံးမှာ ဆွဲဆောင်နိုင်ခဲ့ပါတယ်။
သူပြန်လာခဲ့ပေမယ့် ပြင်သစ်အသင်းမှာ ဘာပေရဲ့ အနေအထားက ထင်ထားတာထက် ပိုမို ကြွပ်ဆတ်နိုင်ပါတယ်။ လက်ရွေးစင်အသင်းက ကစားသမားတချို့ဟာ တိုက်စစ်ကစားသမား ဘာပေရဲ့ အပြုအမူနဲ့ သြဇာလွှမ်းမိုးမှုတွေအပေါ် စိတ်ပျက်အားငယ်မှုတွေ ပိုများလာနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
Photo Credit : Goal
အသင်းအတွင်းမှာ မကျေနပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုကြပြီး ကစားသမားတချို့က တိုက်စစ်ပိုင်းမှာ အသင်းနဲ့ ပိုမိုသင့်မြတ်တဲ့ အူစမန် ဒမ်ဘီလီကို ပိုမိုနှစ်သက်ကြတယ်လို့လည်း သိရပါတယ်။ သဘောထားကွဲလွဲမှုတွေက ပိုမိုပြင်းထန်လာပြီး စည်းလုံးညီညွတ်မှုကို အမြန်ဆုံး ပြန်လည်မရရှိဘူးဆိုရင် အဝတ်လဲခန်းထဲမှာ စစ်ပွဲတစ်ခု ဖြစ်လာနိုင်တယ်လို့ အတွင်းလူတွေက သတိပေးနေပါတယ်။
ပြင်သစ်အသင်းဟာ ဒီတနင်္ဂနွေနေ့မှာ ယူအီးအက်ဖ်အေ နိုင်ငံများလိဂ် တတိယနေရာလုပွဲမှာ ဂျာမနီနဲ့ ကစားပြီး သူတို့ရဲ့ လက်ရှိ နိုင်ငံတကာပွဲစဉ်တွေကို နိဂုံးချုပ်မှာ ဖြစ်ပါတယ်။ ဘာပေအတွက်တော့ အာရုံစိုက်မှုက ရီးယဲလ် မက်ဒရစ်အသင်းဆီကို ပြန်ရောက်လာပါလိမ့်မယ်။ သူဟာ လာမယ့် ကလပ် ကမ္ဘာ့ဖလားမှာ အသင်းကို ဦးဆောင်ရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။