ဂျာမဏီအသင်းနဲ့ အတူ ကမ္ဘာ့ဖလားအား ရယူ ပိုင်ဆိုင်ဖူးတဲ့ ဂန္တဝင် ကစားသမားကြီး လိုသာ မားသီးယပ်စ်ကတော့ နာမည်ကြီး အင်္ဂလန်အသင်းဟာ လတ်တလောမှာ ခြေစွမ်းတွေ ဆိုးရွားနေပေမယ့် လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဗိုလ်စွဲနိုင်တဲ့ အခွင့်အရေးတွေ ပိုင်ဆိုင်ထားဆဲ ဖြစ်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

ဆောက်ဂိတ် ဦးဆောင်နေတဲ့ အင်္ဂလန်က နေးရှင်းလိဂ် ပထမတန်းရဲ့ အုပ်စုပွဲ ၅ပွဲ ယှဉ်ပြိုင် ကစားထားရာ တပွဲမှ အနိုင်မရသေးပဲ ၂ပွဲသရေ ၊ ၃ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့အတူ နေးရှင်းလိဂ်ရဲ့ ဒုတိယတန်းဆီ တန်းဆင်းသွားခဲ့ရသလို အုပ်စု နောက်ဆုံးပွဲ အဖြစ် ဂျာမဏီနဲ့ ကစားရဖို့ ရှိနေတာကြောင့် သိက္ခာဆယ် နိုင်ပွဲ တပွဲ ရဖို့တောင် မသေချာပါဘူး။

Photo Credit: Sky Sports

ဒါပေမယ့် အင်္ဂလန်က သူတို့အသင်းရဲ့ တောင့်တင်းတဲ့ လူစာရင်းကြောင့် လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်းတွေထဲမှာ ပါဝင်နေဆဲ ဖြစ်ပြီး လိုသာ မားသီးယပ်စ်ကလည်း အင်္ဂလန်ဟာ ခြေစွမ်းပိုင်း ဆိုးရွားနေပေမယ့် ထိပ်တန်း ကစားသမားတွေ ရှိနေတာကြောင့် ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်နိုင်တယ်လို့ ဆိုလာပါတယ်။

လိုသာ မားသီးယပ်စ်က – “ခင်ဗျားက အင်္ဂလန်ရဲ့ ကစားသမားတွေကို ကြည့်လိုက်မယ် ဆိုရင် သူတို့ဟာ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ချေ ရှိတာကို ခံစားမိပါလိမ့်မယ်။ အင်္ဂလန်နဲ့ ပြင်သစ်တို့က ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်း၃သင်း စာရင်းထဲ ပါလိမ့်မယ်လို့ ထင်ပါတယ်။ အင်္ဂလန်က ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတုတ္ထနေရာ ရထားသလို ယူရိုပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲ အထိ တက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် သူတို့က ၁၉၆၆ခုနှစ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရခဲ့သလို ဒီနှစ်မှာလည်း ကမ္ဘာ့ဖလားကို ရဖို့ နီးစပ်နေပြီလို့ ထင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့် လိုသာ မားသီးယပ်စ်က အင်္ဂလန်မှာ ထိပ်တန်း ဂိုးသမား တဦး မရှိတာကြောင့် အဆိုပါအချက်ဟာ အင်္ဂလန်ရဲ့ အားနည်းချက် တရပ်လို ဖြစ်နိုင်ကြောင်း ထပ်မံ ပြောကြားခဲ့ပါသေးတယ်။ မားသီးယပ်စ်က – “အင်္ဂလန်ရဲ့ အကြီးမားဆုံး ပြဿနာက ဂိုးသမားနေရာ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ အင်္ဂလန်မှာ ဂျာမဏီလိုမျိုး ထိပ်တန်း ဂိုးသမားတွေ မရှိပါဘူး။ ဒီအချက်က သူတို့အတွက် ကြီးမားတဲ့ ပြဿနာ တရပ် ဖြစ်လာနိုင်ပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။

လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်းတွေကတော့ ပြင်သစ် ၊ အာဂျင်တီးနား ၊ ဘရာဇီးလ် ၊ အင်္ဂလန် ၊ ပေါ်တူဂီနဲ့ ဘယ်လ်ဂျီယံတို့ပဲ ဖြစ်ပါတယ်။