အက်စတွန်ဗီလာအသင်းနည်းပြ အူနိုင်းအမ်မရီက အခု ဆောင်းဈေးကွက်အတွင်းမှာ အသင်းအတွက် ကစားသမား ခေါ်ယူမှုတွေကို လုပ်ဆောင်သွားဖို့ ပြင်ဆင်လျက် ရှိနေရာ လတ်တလောမှာတော့ သူနဲ့အတူ အာဆင်နယ်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ သူ့တပည့်ဟောင်း ဂွမ်ဒူဇီကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည် ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Unai Emery reveals his dreams for Aston Villa

Photo Credit : The Telegraph

စပိန်လူမျိုး ဘောလုံးနည်းပြ အမ်မရီဟာ လာလီဂါကလပ် ဗီလာရီးယဲလ်အသင်းကို ကိုင်တွယ်နေရင်းနဲ့ အောက်တိုဘာလနှောင်းပိုင်းမှာ ဗီလာအသင်းဘက်က ချိတ်ဆက်လာခဲ့ရင်း အောက်တိုဘာ (၂၂)ရက်နေ့မှာပဲ အမ်မရီက ဗီလာနည်းပြသစ် ဖြစ်လာခဲ့ရပါတယ်။ အမ်မရီက ဗီလာအသင်းကို (၇)ပွဲအထိ ကိုင်တွယ်ထားပြီးချိန်မှာ (၃)ပွဲနိုင် (၁)ပွဲသရေ (၃)ပွဲရှုံး ရလဒ်မျိုးထွက်ပေါ်အောင် ကိုင်တွယ်ထားနိုင်ပြီး အခု ဈေးကွက်အတွင်းမှာလည်း အသင်းအတွက် ကစားသမားသစ် ခေါ်ယူမှုတွေကို လုပ်ဆောင်သွားဖို့ပါ ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit : Foot Mercato

အမ်မရီက ဆောင်းဈေးကွက်အတွင်းမှာ လာလီဂါက ကစားသမားတစ်ဦးဖြစ်တဲ့ ရီးယဲလ်ဘက်တစ် နောက်ခံအစွန်လူ မော်ရီနိုကို ခေါ်ယူသွားဖို့ ကြိုးပမ်းနေသလို သူ အာဆင်နယ်အသင်းမှာ နည်းပြအဖြစ် တာဝန်ယူခဲ့စဉ်က အာဆင်နယ်ဆီ ခေါ်ဆောင်ခဲ့ဖူးတဲ့ ဂွမ်ဒူဇီကိုပါ ဗီလာအသင်းဆီ ခေါ်ဆောင်ချင်နေပါတယ်။ အမ်မရီဟာ အာဆင်နယ်ကို ကိုင်တွယ်နေတုန်းက ကွင်းလယ်လူ ဂွမ်ဒူဇီကို လီဂူးကလပ် လော်ရီးယန့်ကနေ ခေါ်ယူခဲ့ပြီး ဂွမ်ဒူဇီဟာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အရည်အသွေးမြင့် လူငယ်ကစားသမားတစ်ယောက်လို့ ချီးမွမ်းပြောဆိုခဲ့သလို အသင်းမှာလည်း ပွဲကစားခွင့်တွေ များစွာ ပေးသွားခဲ့ပါတယ်။ အာဆင်နယ်နဲ့ အမ်မရီတို့ လက်တွဲဖြုတ်ခဲ့ပြီးနောက်ပိုင်းမှာတော့ ဂွမ်ဒူဇီလည်း အာဆင်နယ်မှာ ကစားခွင့် နည်းပါးလာခဲ့ရင်း ဟာသာဘာလင်နဲ့ မာဆေးလ်အသင်းတွေမှာ အငှားနဲ့ ထွက်ကစားခဲ့ရပြီး ၂၀၂၂ခုနှစ်မှာတော့ မာဆေးလ်အသင်းဆီ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပါတယ်။ လက်ရှိမှာ မာဆေးလ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်နေတဲ့ ဂွမ်ဒူဇီကို အမ်မရီက ဗီလာအသင်းဆီ ခေါ်ဆောင်ချင်နေပြီး ဂွမ်ဒူဇီအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)ဝန်းကျင်ခန့်နဲ့ ကနဦး ကမ်းလှမ်းချက်တွေကို စတင် လုပ်ဆောင်သွားဖွယ်လည်း ရှိနေပါတယ်။