လိုင်ယွန်အသင်းရဲ့ ဝါရင့်ကွင်းလယ်ကစားသမားကြီး နီမန်ဂျာ မာတစ်က ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာ သူ့အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ မရင်ဆိုင်ရခင် ယူနိုက်တက်အသင်းဟာ ဆုဖလားတွေ ရယူဖို့ကို အဓိက ဦးစားမပေးဘဲ စီးပွားရေးကိုသာ ဦးစားပေးတက်တဲ့ အသင်းလို့ ထိုးနှက်ပြောဆိုလိုက်ပါတယ်။

ဆာဘီးယား ဝါရင့် ကွင်းလယ်လူ မာတစ်ဟာ ချယ်လ်ဆီး ယူနိုက်တက်အသင်းတွေနဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးသလို (၂)သင်းလုံးမှာလည်း အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ အခုတော့ အသင်းဟောင်းထဲကမှ ယူနိုက်တက်နဲ့ ပြန်လည် ရင်ဆိုင်ရတော့မယ့်အချိန်မှာ ချယ်လ်ဆီးနဲ့ ယူနိုက်တက်တို့ကြား ကွာဟချက်ကိုပါ ပြောလာခဲ့ပါတယ်။

Photo Credit : Goal

မာတစ်က ယူရိုပါလိဂ်ပွဲမတိုင်ခင် The Athletic နဲ့ အင်တာဗျူးရာမှာ သူ့အနေဲ့အိုးလ်ထရက်ဖို့ဒ်မှာ နေခဲ့ရတာကို ကြိုက်ခဲ့ပေမယ့် အသင်းက ဆုဖလားတွေ ရဖို့ထက် ပိုက်ဆံရှာဖို့ကို ပိုအာရုံစိုက်တဲ့ ခံစားချက်ကို အမြဲရခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ “ချယ်လ်ဆီးကနေ ရောက်လာပြီးနောက် ကျွန်တော်ခံစားခဲ့ရတဲ့ ကွာခြားချက်ကတော့ ချယ်လ်ဆီးမှာ အရာအားလုံးဟာ ရလဒ်နဲ့ ဖလားတွေရယူဖို့ပဲ ဖြစ်ပါတယ်။ အဲဒါက မြက်ရိတ်တဲ့သူကအစ အသင်းတစ်ခုလုံးရဲ့ စိတ်ဓာတ်ပါပဲ။ ရိုမန် အေဘရာမိုဗစ်ချ်ကလည်း ကျွန်တော်တို့ကို ရလဒ်အကြောင်းပဲ မေးလေ့ရှိပါတယ်။”

“ယူနိုက်တက်မှာတော့ စီးပွားရေးဘက်ကို ပိုပြီး ဦးစားပေးတာကို တွေ့ရပါတယ်။ အသင်းမှာ (၂)လလောက်နေပြီးနောက် အဲဒီလို စဉ်းစားမိလာပါတယ်။ ကျွန်တော်တို့ရဲ့ လစာပေးဖို့ လိုအပ်တယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် ရလဒ်တွေက ချယ်လ်ဆီးမှာလို အဓိက မဟုတ်ဘူးလို့ ခံစားမိပါတယ်။ ချယ်လ်ဆီးမှာ ကျွန်တော် စီးပွားရေးနဲ့ဆိုင်တဲ့ အလုပ်နှစ်ခုလောက်ပဲ လုပ်ခဲ့ရပေမယ့် ယူနိုက်တက်မှာတော့ အများကြီး ပိုများပါတယ်။”

Photo Credit : Transfermarket

“ချယ်လ်ဆီးအသင်းမှာလို ဖလားတွေရယူဖို့ စိတ်အားထက်သန်မှုတွေနဲ့ ယူနိုက်တက်ကို ကျွန်တော်ရောက်လာခဲ့တာပါ၊ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ဖလားတွေက အဓိက မဟုတ်ဘူးလို့ ခံစားလာရပါတယ်။ ကျွန်တော် မှားကောင်းမှားနေနိုင်ပါတယ်။ ဒါပေမယ့် အဲဒါက ကျွန်တော့်ရဲ့ အတွင်းစိတ်ခံစားချက်ပါ။” လို့ မာတစ်က ဆိုလိုက်ပါတယ်။

ပွဲမတိုင်ခင် မာတစ်ရဲ့ ပြောကြားချက်တွေဟာ လက်ရှိ ယူနိုက်တက် ပရိသတ်အများစု ခံစားနေရတဲ့ အတိုင်းအတာနဲ့ တူညီနေပါတယ်။ ဆာ ဂျင်မ် ရက်ကလစ်ဖ်နဲ့ INEOS တို့ဟာ အသင်းရဲ့ ပိုင်ရှင်အဖွဲ့ဝင်တွေအဖြစ် ရောက်ရှိလာပြီးနောက်ပိုင်း ကွင်းထဲမှာ ခြေစွမ်းပြသတာထက် ငွေကြေးချွေတာဖို့ကို ပိုပြီး အလေးထားလာပုံရပါတယ်။