ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်လူဟောင်း ဖြစ်သလို လက်ရှိမှာ ပြင်သစ်ကလပ် ရန်းနက်စ်မှာ ကစားနေတဲ့ ဝါရင့် ကွင်းလယ်လူ မာတစ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားတွေဟာ စည်းကမ်းပိုင်း အားနည်းကြကြောင်းနဲ့ လက်ရှိမှာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်နဲ့ ပြဿနာ တက်နေတဲ့ ဆန်ချိုဟာလည်း လေ့ကျင့်ရေးကွင်းဆီ နောက်ကျပြီးမှ ရောက်လာတတ်သူ ဖြစ်ကြောင်း ဖွင့်ဟ ပြောပြလာခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် ဆားဘီးယား လက်ရွေးစင် ဝါရင့် ကွင်းလယ်ခံစစ် ကစားသမား နီမန်ဂျာ မာတစ်က ၂၀၁၇ခုနှစ် ကနေ ၂၀၂၂ခုနှစ် အထိ မန်ချက်စတာ ယူနိုက်တက်မှာ ၅နှစ်ကြာအောင် ကစားခဲ့သူ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ဆုဖလား အောင်မြင်မှုတော့ မရခဲ့ပါဘူး။

Photo Credit: Standard

မာတစ်က မန်ချက်စတာ ယူနိုက်တက်မှာ ဆုဖလား အောင်မြင်မှုတွေ မရခဲ့ပေမယ့် သူ့ရဲ့ အနေအေးမှု ၊ ကြိုးစား ကစားမှုတို့ကြောင့် အသင်းပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်ခဲ့သလို မာတစ်ကလည်း ယူနိုက်တက်ပရိသတ်တွေရဲ့ နွေးထွေးတဲ့ အားပေးမှုကြောင့် အခုချိန်အထိ ကြုံရင် ကြုံသလို ယူနိုက်တက်ရဲ့ အကြောင်းတွေကို ပြောနေဆဲပါပဲ။

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာတော့ မာတစ်က မန်ချက်စတာ ယူနိုက်တက်မှာ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာတွေ ရှိခဲ့ကြောင်းနဲ့ သူ့ရဲ့ ကစားဖော်ဟောင်းတွေ ဖြစ်ကြတဲ့ ပေါ့ဘာ ၊ ဆန်ချို စတဲ့ ကစားသမားတွေဟာ အမြဲတမ်း လေ့ကျင့်ရေးကွင်းဆီ နောက်ကျပြီးမှ ရောက်လာတတ်ကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

Photo Credit: Live Score

မာတစ်က – “ကျွန်တော် ချယ်လ်ဆီးမှာ ကစားခဲ့တုန်းက ကစားသမားတွေ အားလုံးဟာ ပရော်ဖက်ရှင်နယ်ဆန်ဆန်ပဲ နေခဲ့ကြပါတယ်။ လေ့ကျင့်ရေးကွင်းဆီ နောက်ကျပြီးမှ ရောက်လာတဲ့သူ ဆိုတာလည်း မရှိပါဘူး။ ဒါပေမယ့် ယူနိုက်တက်မှာတော့ လေ့ကျင့်ရေးကွင်းဆီ နောက်ကျပြီးမှ ရောက်လာတဲ့ လူတွေကို နေ့တိုင်းနီးပါး တွေ့ခဲ့ရပါတယ်။ ပေါလ် ပေါ့ဘာနဲ့ ဆန်ချိုတို့က လေ့ကျင့်ရေးကွင်းဆီ အမြဲတမ်း နောက်ကျမှ ရောက်လာတတ်ပါတယ်။ တချို့ ကစားသမားတွေကလည်း သူတို့နဲ့ အမူအကျင့် တူတူပါပဲ” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။

လေ့ကျင့်ရေးကွင်းဆီ အမြဲတမ်း နောက်ကျမှ ရောက်လာတတ်တဲ့ ပေါ့ဘာနဲ့ ဆန်ချိုတို့ နှစ်ဦးအနက် ပေါ့ဘာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာပဲ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာခဲ့ရသလို ဆန်ချိုကလည်း ဒီရာသီမှာ နည်းပြချုပ် တန်ဟက်ဂ်နဲ့ ပြဿနာ တက်ခဲ့တာကြောင့် အသင်းရဲ့ လူစာရင်း ကနေ ဖယ်ရှားခံထားရပြီး မကြာခင်မှာ အသင်းပြောင်းရမယ့် ကစားသမားပဲ ဖြစ်ပါတယ်။