ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ အန်တိုနီက သူဟာ လက်ရှိမှာ စုံစမ်း စစ်ဆေးခံနေရသလို အိမ်တွင်း အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ခြင်း မရှိကြောင်း အင်တာဗျူး တခု လုပ်ကာ အတိအလင်း ငြင်းဆိုသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာမှ အေဂျက် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက်နဲ့ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: The Sun

အန်တိုနီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ အထိုက်အလျောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို ဒီရာသီမှာလည်း ပုံမှန် ပွဲထွက်ခွင့် ရနေပေမယ့် သူ့ရဲ့ ချစ်သူဟောင်း ဂါဘရီရယ်လာရဲ့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ တရားစွဲဆိုမှုကြောင့် ဘရာဇီးလ်ရဲတပ်ဖွဲ့တွေနဲ့ ဗြိတိန်ရဲတပ်ဖွဲ့တွေရဲ့ စုံစမ်းစစ်ဆေးမှုကို ခံနေရပါတယ်။

အန်တိုနီရဲ့ ချစ်သူဟောင်း ဂါဘရီရယ်လာက အန်တိုနီဟာ သူမကို မန်ချက်စတာမြို့မှာ ရှိတဲ့ သူ့ရဲ့ နေအိမ်ထဲမှာ ပိတ်လှောင်ထားကာ သ-တ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့သလို ကန်ကျောက် ရိုက်နှက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ဘရာဇီးလ်နိုင်ငံရဲ့ တရားရုံး တခုမှာ တရားစွဲဆိုထားတာပဲ ဖြစ်ပါတယ်။

Photo Credit: NY Breaking

လက်ရှိမှာတော့ ဘရာဇီးလ်ရဲတပ်ဖွဲ့နဲ့ ဗြိတိန်ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ အန်တိုနီနဲ့ ဂါဘရီရယ်လာတို့ရဲ့ အမှုကို စုံစမ်း စစ်ဆေးနေပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ အန်တိုနီရဲ့ အမှုနဲ့ ပတ်သတ်ပြီး တစုံတရာ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။

ရဲတပ်ဖွဲ့တွေရဲ့ စုံစမ်း စစ်ဆေးမှုကို ခံနေရချိန်မှာပဲ အန်တိုနီက အင်တာဗျူး တခု ပြုလုပ်ကာ ဂါဘရီရယ်လာရဲ့ စွပ်စွဲချက်တွေ မဟုတ်မှန်ကြောင်း ပြန်လည် ဖြေရှင်းထားပြီး အဆိုပါ အင်တာဗျူးမှာ အန်တိုနီက သူဟာ အိမ်တွင်းအကြမ်းဖက်မှု လုပ်တတ်သူ မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။

အန်တိုနီက – “ကျွန်တော်က ဘယ်တုန်းကမှ အကြမ်းဖက်တာမျိုး မလုပ်ခဲ့သလို နောင်လည်း ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။ ကျွန်တော်က ဂါဘရီရယ်လာကို ဘယ်တုန်းကမှ မရိုက်ခဲ့ဖူးပါဘူး။ ပါးစပ်နဲ့ ပြောခဲ့တာမျိုးတွေတော့ ရှိပါတယ်။ ကျွန်တော်က သူ့ကို စကားလုံးတွေနဲ့ တိုက်ခိုက်ခဲ့တာမျိုး ရှိသလို သူကလည်း ကျွန်တော့်ကို စကားလုံးတွေနဲ့ ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။ ကျွန်တော်က သူ့ကို ကိုယ်ထိလက်ရောက် ဘယ်တုန်းကမှ မရိုက်ခဲ့ဖူးပါဘူး။ ကျွန်တော်က မိန်းကလေးတွေကို အကြမ်းဖက် ရိုက်နှက်တတ်တဲ့ လုပ်ရပ်တွေကို အမြဲတမ်း ဆန့်ကျင်ခဲ့သူပါ။ ကျွန်တော့်မှာ အမေနဲ့ မိန်းကလေး သွေးချင်းတွေ ရှိပါတယ်။ ကျွန်တော်က သူတို့အပေါ် ဒီလိုမျိုး လုပ်ရပ်တွေ (အိမ်တွင်း အကြမ်းဖက်မှုအား ရည်ရွယ်လျက်) ဖြစ်လာမှာကိုတောင် စိုးရိမ်နေတဲ့သူပါ” လို့ ထုတ်ဖော် ပြောကြားကာ ဂါဘရီရယ်လာရဲ့ စွပ်စွဲချက်တွေကို ငြင်းဆန် ပယ်ချသွားခဲ့တာပါ။