၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုတော့ မနေ့ညကပဲ စတင် ကျင်းပခဲ့ရာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဘရာဇီးလ်အသင်းကို ခရိုအေးရှားက ပင်နယ်တီမှာ အနိုင်ယူခဲ့ပြီး ဘရာဇီးလ်ကို ကွာတားအဆင့်နဲ့ပဲ ကျေနပ်စေခဲ့ပါတယ်။ အာဂျင်တီးနားကလည်း (၂)ဂိုးပြတ်နဲ့ အနိုင်ရထားပြီးမှ ချေပဂိုးတွေ ပြန်လည် ခွင့်ပြုခဲ့ရင်း အချိန်ပို ပင်နယ်တီအထိ ဆက်ကစားရင်း ပင်နယ်တီမှသာ အနိုင်ရခဲ့ပါတယ်။ ဒီနေ့မှာလည်း ကွာတား(၂)ပွဲကို ဆက်လက် ယှဉ်ပြိုင်စေမှာဖြစ်ပြီး အဲ့ဒီထဲကမှ ည(၉)နာရီခွဲအချိန်မှာ ယှဉ်ပြိုင်သွားမယ့် ပေါ်တူဂီနဲ့မော်ရိုကိုတို့ ပွဲအကြောင်းကို ဖော်ပြသွားချင်ပါတယ်။

Photo Credit : The Telegraph

ပေါ်တူဂီကတော့ အမှတ်မလိုတဲ့ တောင်ကိုရီးယားနဲ့ပွဲကလွဲပြီး ဂါနာ ဥရုဂွေးတို့နဲ့ အုပ်စုပွဲတွေအပြင် ဆွစ်ဇာလန်နဲ့ ရှုံးထွက်ပွဲတွေမှာပါ သူတို့ တိုက်စစ်က အတော်လေး ထက်မြက်ထားခဲ့ပါတယ်။ ဒါ့အပြင် ဆွစ်နဲ့ပွဲမှာလည်း ရော်နယ်လ်ဒိုနေရာမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သူ ဂွန်ဆာလိုရာမို့စ်က ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့အထိကို တောက်ပထားခဲ့ပါတယ်။ ဒါကြောင့် အခု မော်ရိုကိုနဲ့ပွဲမှာလည်း ပေါ်တူဂီနည်းပြ ဆန်းတို့စ်အနေနဲ့ တိုက်စစ်မှာ ရော်နယ်လ်ဒိုထက် ရာမို့စ်ကိုပဲ နေရာဆက်ပေးလာဦးမလားဆိုတာ စောင့်ကြည့်ရပါမယ်။ တိုက်စစ်က အတော်လေးကို အားရစရာ အနေအထားမှာ ရှိနေတဲ့အချိန် ရင်ဆိုင်ရမယ့် တစ်ဖက်အသင်းကလည်း ခံစစ်ပိုင်း အတော်လေး ကျစ်လစ်မှု ရှိလှတဲ့ အသင်းမျိုး ဖြစ်တာကြောင့် ပေါ်တူဂီတိုက်စစ်နဲ့ မော်ရိုကိုခံစစ်တို့ အားပြိုင်မှုဟာ အတော်လေး စိတ်ဝင်စားစရာ ဖြစ်လာနိုင်ပါတယ်။

Photo Credit : AS English

မော်ရိုကိုတော့ မထင်ထားတာတွေ လုပ်ပြလာရင်းကနေ အခုဆို အသင်းသမိုင်းကြောင်းတလျှောက် ကမ္ဘာ့ဖလားမှာ ကွာတားကို ပထမဆုံးအကြိမ်အဖြစ်နဲ့ပါ တတ်လှမ်းလာနိုင်ခဲ့ပါပြီ။ မော်ရိုကိုဟာ အသင်းလိုက် ကစားပုံ ကောင်းမွန်လှပြီး ခံစစ်ကစားပုံလည်း မာကြောမှု ရှိပါတယ်။ ဘယ်လ်ဂျီယံ ခရိုအေးရှားတို့ ပါဝင်တဲ့ အုပ်စုမှာ အုပ်စုဗိုလ်အထိ ရယူနိုင်ခဲ့သလို ရှုံးထွက်မှာလည်း စပိန်လို အသင်းမျိုးကို ကျော်ဖြတ်ထားနိုင်တာ တကယ့်ကို အထင်ကြီးလောက်စရာပါ။ အခု ပေါ်တူဂီနဲ့ ရင်ဆိုင်ရချိန်မှာလည်း ပေါ်တူဂီကို အခက်တွေ့အောင် ကစားသွားဖို့ ပြင်ဆင်လာမှာပါ။ တကယ်လို့သာ ပေါ်တူဂီကို ကျော်ဖြတ်နိုင်မယ်ဆိုရင်တော့ မော်ရိုကိုဟာ အာဖရိကအသင်းတွေထဲကမှ ကမ္ဘာ့ဖလားမှာ ဆီမီးအထိ တတ်လှမ်းနိုင်ခဲ့သော ပထမဆုံးအသင်းအဖြစ်နဲ့ပါ စံချိန်တင်ရမှာပဲ ဖြစ်ပါတယ်။

Photo Credit : DAZN

ဒီနှစ်သင်းက ပြီးခဲ့တဲ့ ၂၀၁၈ကမ္ဘာ့ဖလားမှာ အုပ်စုတွင်း ပြိုင်ဘက်တွေအဖြစ် တွေ့ဆုံခဲ့ဖူးပြီး ရော်နယ်လ်ဒိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက မော်ရိုကိုဟာ အခုအသင်းလောက် မာကြောမှု မရှိသလို အုပ်စုအောက်ဆုံးနေရာနဲ့ပါ လှည့်ပြန်ခဲ့ရပါတယ်။ လက်ရှိ မော်ရိုကိုကတော့ ပေါ်တူဂီအတွက် လုံးဝကို လျှော့မတွက်ထားသင့်တဲ့ ပြိုင်ဘက်မျိုး ဖြစ်နေရပါလိမ့်မယ်။ ပေါ်တူဂီဘက်မှာတော့ ရော်နယ်လ်ဒို အခြေအနေကို စောင့်ကြည့်ရမယ့် အနေအထားမှာ ရှိနေရပြီး ရော်နယ်လ်ဒို ကစားခွင့်ရမရဆိုတာ စဉ်းစားစရာ ဖြစ်နေရသလို ရော်နယ်လ်ဒိုအစား ရာမို့စ်ပဲ ဆက်လက် ကစားရမလားဆိုတာ စိတ်ဝင်စားစရာပါ။ ဒါပေမယ့် ဘယ်သူပဲ ပါဝင်လာခဲ့ပါစေ ပေါ်တူဂီဟာ မော်ရိုကိုအတွက် စပိန်ထက် attacking ပိုကောင်းတဲ့ အသင်းဖြစ်နေတာမို့ မော်ရိုကို ဒီပွဲမှာ နောက်ထပ် အံ့အားသင့်စရာ ရလဒ်တွေ ဖော်ဆောင်ဖို့ဆိုတာ မလွယ်နိုင်ပါဘူး။ ပေါ်တူဂီကိုပဲ သဘောကျမိပါတယ်။