၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို နိုဝင်ဘာ(၂၀)ရက်နေ့ကတည်းက ကျင်းပလာခဲ့တာ ဘာလိုလိုနဲ့ အခုဆိုရင်တော့ ကွာတားဖိုင်နယ်အဆင့်ထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်ကို အသင်း(၈)သင်း တတ်လှမ်းထားပြီး ဒီနေ့နဲ့မနက်ဖြန်တွေမှာ တစ်နေ့(၂)ပွဲစီ ကျင်းပသွားဖို့လည်း ရှိပါတယ်။ ဒီနေ့ညမှာ ပွဲစဉ်(၂)ပွဲ ယှဉ်ပြိုင်သွားဖို့ ရှိနေပြီး အဲ့ဒီပွဲတွေထဲကမှ မနက်(၁)နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကြမယ့် အာဂျင်တီးနား နဲ့ နယ်သာလန် ပွဲအကြောင်းကို အရင်ဆုံး ဖော်ပြပေးသွားချင်ပါတယ်။

How Argentina could line up against the Netherlands - Sports Mole

Photo Credit : Sports Mole

၂၀၂၂ကမ္ဘာ့ဖလားမှာ ဘရာဇီးလ်လို ကွာတားထိ တတ်လှမ်းလာခဲ့တဲ့ နောက်ထပ် တောင်အမေရိကအသင်း အာဂျင်တီးနားက အုပ်စုအဖွင့်ပွဲမှာ ဆော်ဒီကို အမှတ်မထင် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း တောက်လျှောက် ရလဒ်တွေ ကောင်းမွန်လာခဲ့ရာ အခုဆို ကွာတားအထိတောင် ရောက်လာနိုင်ခဲ့ပါတယ်။ မက်ဆီက အသင်းမှာ အကောင်းဆုံး ကြိုးစားကစားပေးနေပြီး အသင်းနဲ့အတူ ကမ္ဘာ့ဖလား ဆုဖလားကြီးကို သိမ်းပိုက်နိုင်အောင် အစွမ်းကုန် ကြိုးပမ်းနေပေမယ့် အသင်းမှာကတော့ လိုအပ်ချက်တချို့ ရှိနေပါသေးတယ်။ အာဂျင်တီးနားက မက်ဆီအပေါ်မှာပဲ အရမ်းမှီခိုလွန်းနေပြီး လက်ရှိမှာလည်း ဒီမာရီယာ မာတီနက်ဇ် ဒီပေါလ်တို့လို ကစားသမားတွေကလည်း ဒဏ်ရာအခြေအနေတွေကြောင့် ဒီပွဲကို ပါဝင်နိုင်ဖို့ မသေချာသေးတဲ့ အခြေအနေဖြစ်နေပါတယ်။ ဒါပေမယ့် ဒီကစားသမားတွေ မပါဝင်နိုင်ရင်တောင်မှ အသင်းမှာ ရှိနေတဲ့ ကစားသမားတွေရဲ့လုပ်အားနဲ့ နယ်သာလန်ရဲ့ စုစည်းကျစ်လစ်မှုကို ထိုးဖောက် ဖြိုခွဲနိုင်မယ့် အနေအထားမှာ ရှိနေပါတယ်။

Photo Credit : Sporting News

နယ်သာလန်ကတော့ ဝါရင့်နည်းပြကြီး ဗန်ဟားလ်ရဲ့ ဦးဆောင်မှုနဲ့အတူ ကွာတားဖိုင်နယ်အဆင့်ထိ တတ်လှမ်းလာနိုင်ခဲ့ပြီး ခံစစ်ကလည်း (၄)ပွဲမှာ ပေးဂိုး(၂)ဂိုးသာ ရှိထားခဲ့ပါတယ်။ average အသင်း တစ်သင်းလို့ သတ်မှတ်နိုင်တဲ့ နယ်သာလန်ရဲ့ ဒီတစ်ကြိမ် ကမ္ဘာ့ဖလား ဖြတ်သန်းလာမှုကို ပြန်ကြည့်ရင် တောင်အမေရိက အသင်းတစ်သင်းဖြစ်တဲ့ အီကွေဒေါနဲ့ပွဲမှာ ရုန်းကန်ထားခဲ့ရတာကို တွေ့ရပါလိမ့်မယ်။ အခု သူတို့ ရင်ဆိုင်ရမယ့် အာဂျင်တီးနားက အီကွေဒေါထက် ပိုကောင်းတဲ့ တောင်အမေရိကအသင်း ဖြစ်နေသလို မက်ဆီလို စူပါစတား ကစားသမားမျိုးကိုလည်း ပိုင်ဆိုင်ထားတာဖြစ်လို့ ဒါက နယ်သာလန်အတွက် အကြီးမားဆုံး စိန်ခေါ်မှုကြီး ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုပွဲမျိုးမှာ ကမ္ဘာ့ဖလား အတွေ့အကြုံကောင်းတွေ ရှုံးထွက်ပွဲတွေများစွာ ကစားထားဖူးတဲ့ အတွေ့အကြုံများစွာ ပိုင်ဆိုင်ထားသော ဗန်ဟားလ်က ဘယ်လိုပုံစံ ပြင်ဆင်လာမလဲဆိုတာ စောင့်ကြည့်သွားချင်စရာပါ။

Photo Credit : The Analyst

အာဂျင်တီးနားနဲ့ နယ်သာလန်တို့ဟာ ကမ္ဘာ့ဖလားမှာ (၅)ကြိမ်ထိကို မကြာခဏ ဆုံဖူးထားတဲ့ အသင်းတွေဖြစ်ပြီး နောက်ပိုင်းတွေ့ဆုံမှုအဖြစ်တော့ ၂၀၁၄ကမ္ဘာ့ဖလားရဲ့ (၁၆)သင်းအဆင့်မှာတော့ မိနစ်(၉၀)ရော အချိန်ပိုမှာပါ ဂိုးမရှိသရေ ဖြစ်နေတဲ့အတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ အာဂျင်တီးနားက အနိုင်ရခဲ့ပါတယ်။ အခုတစ်ကြိမ် တွေ့ဆုံမှုဟာလည်း မိနစ်(၉၀)အတွင်း အနိုင်အရှုံး အဖြေပေါ်ဖို့ ခဲယဉ်းပြီး အချိန်ပိုတွေ ပင်နယ်တီအထိတွေ ရောက်ရှိသွားနိုင်ပါတယ်။ ဂိုးအနည်းကို ဦးတည်သွားနိုင်ပြီး ဒီတစ်ကြိမ်လည်း မက်ဆီရဲ့ အာဂျင်တီးနားကပဲ နယ်သာလန်ကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ထင်မိပါတယ်။