အာလင်း ဟာလန်းနဲ့ ကီလီယန် ဘာပေတို့ဟာ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ ဘောလုံးလောကရဲ့ မဟာပြိုင်ဘက်တွေ ဖြစ်လာနိုင်ပြီး သူတို့နှစ်ဦးထဲမှာ ဘာပေက အရင်ဆုံး Ballon d’Or ဆုရှင် ဖြစ်လာလိမ့်မယ်လို့ အီတလီ ဘောလုံးသမားဟောင်းကြီး မာတာရာဇီက သုံးသပ်လိုက်ပါတယ်။

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ GOAT နှစ်ဦးဟာ ဘောလုံးလောကို ဆယ်စုနှစ်ကျော်ကြာတဲ့အထိ လွှမ်းမိုးထားနိုင်ခဲ့ပြီး မက်ဆီက Ballon d’Or ဆုကို (၈)ကြိမ်အထိ ပိုင်ဆိုင်ခဲ့သလို ရော်နယ်လ်ဒိုကလည်း (၅)ကြိမ်အထိ ဆွတ်ခူးခဲ့ပါတယ်။

Photo Credit : Goal

လက်ရှိမှာတော့ ဒီ GOAT ကြီး နှစ်ဦးက အသက်အရွယ်အရ များမကြာမီ ဘောလုံးသမားဘဝကို အဆုံးသတ်ရတော့မှာဖြစ်ပြီး ဒီကစားသမားကြီးနှစ်ယောက် နေရာမှာ ဘာပေနဲ့ ဟာလန်းတို့လို မျိုးဆက်သစ် ကစားသမားတွေက အစားဝင်လာတော့မယ်လို့ မာတာရာဇီက မှတ်ချက်ပြုသွားခဲ့ပါတယ်။

“ဒီကောင်လေးတွေက မက်ဆီနဲ့ ရော်နယ်လ်ဒိုလိုမျိုးတွေ ဖြစ်လာလိမ့်မယ်။ မြင့်မားတဲ့ ဖြစ်နိုင်ခြေများနဲ့အတူ ဒီနှစ်ဦးထဲကမှ တစ်ဦးကတော့ ဘာလွန်းဒေါဆုကို ဆွတ်ခူး ပိုင်ဆိုင်နိုင်ဖို့က အလားအလာ အကောင်းဆုံး ဖြစ်နေပါလိမ့်မယ်။”

Photo Credit : Quora

“အဲ့ဒီတစ်ယောက်ကတော့ ဘာပေဖြစ်လိမ့်မယ်လို့ ကျွန်တော် ရွေးချယ်ချင်ပါတယ်။ သူက ပြင်သစ်နဲ့ ကမ္ဘာ့ဖလားလည်း ရထားသလို ပြင်သစ်မှာလည်း ဖလားတွေ အားလုံးကို ပိုင်ဆိုင်ထားခဲ့ပါတယ်။” လို့ မာတာရာဇီက သုံးသပ်သွားခဲ့ပါတယ်။

လက်ရှိ ဘာပေနဲ့ ဟာလန်းမှာ ဟာလန်းက ပြီးခဲ့တဲ့ရာသီမှာ Treble Champions ဖြစ်ခဲ့ရပြီး ၂၀၂၃ ဘာလွန်းဒေါဆုမှာ ဒုတိယနေရာကို ရရှိခဲ့ကာ ဘာပေကတော့ တတိယနေရာပဲ ပိုင်ဆိုင်ခဲ့ရပေမယ့် လတ်တလော ဟာလန်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဟာလန်းက ဘာပေနဲ့တောင် နှိုင်းယှဉ်လို့ မရနိုင်ဘူးလို့ ဘောလုံးပရိသတ်တွေက မှတ်ချက်ပြုနေကြပါတယ်။