ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတာကြောင့် အသင်းလက်မဲ့ ကစားသမား ဖြစ်နေတဲ့ ဝါရင့် စပိန်ကွင်းလယ်လူ ဟွမ် မာတာက တူရကီ နာမည်ကြီးကလပ် ဂါလာတာစာရေးဆီ ကာလတိုစာချုပ်နဲ့ ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။

အသက် ၃၄နှစ် အရွယ် ဝါရင့် စပိန်ကွင်းလယ်တိုက်စစ် ကစားသမား ဟွမ် မာတာက ဗလင်စီယာ ၊ ချယ်လ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက် စတဲ့ ဥရောပ နာမည်ကြီးအသင်းတွေမှာ ကစားခဲ့သူ တဦး ဖြစ်ပြီး ကစားသမား ဘဝ နောက်ဆုံးအချိန်ကို ရောက်ရှိနေပေမယ့် ခြေစွမ်းကောင်းတွေ ကျန်ရှိနေသေးသူပါ။

Photo Credit: Team Talk

မာတာက မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝ နောက်ဆုံးရာသီတွေမှာ ပွဲထွက်ခွင့် များများစားစား မရခဲ့ပေမယ့် ကစားခွင့် ရတဲ့ အချိန်တိုင်းမှာ အသင်းကို အကောင်းဆုံး ဦးဆောင်မှုတွေ ပေးနိုင်ခဲ့ပြီး သူ့ရဲ့ အသင်းဖော်တွေ အတွက် နေရာလွတ် ရှာဖွေပေးနိုင်မှုနဲ့ တိကျတဲ့ ပေးပို့မှုတွေက လက်ရှိအချိန် အထိ ထိပ်တန်းအဆင့် တရပ်မှာ ရှိနေပါသေးတယ်။

ဒါကြောင့်ပဲ တူရကီ နာမည်ကြီးကလပ် ဂါလာတာစာရေးက မာတာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ဆက်တိုက် ဆိုသလို ပြုလုပ်ခဲ့တာ ဖြစ်ပြီး ယခုအချိန်မှာတော့ ဂါလာတာစာရေးက မာတာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မာတာဟာ ဂါလာတာစာရေးထံ ၁နှစ် သက်တမ်း ရှိတဲ့ ကာလတို စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ဖို့ နှုတ်အားဖြင့် သဘောတူညီမှု တရပ် ရခဲ့ပြီး သူ့ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ လက်မှတ်ထိုးရန်သာ လိုအပ်တော့ကြောင်း သိရပါတယ်။