ကြာသပတေးနေ့ညကတော့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား မေဆန်မောင့်အတွက် အမှတ်တရညတစ်ည ဖြစ်ခဲ့ပြီး ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲမှာ လူစားဝင် ကစားပေးခွင့်ရရင်းနဲ့ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုး(၂)ဂိုးကို သွင်းယူပေးနိုင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

ပွဲအစမှာ ယူနိုက်တက်တို့ ဘီလ်ဘာအိုအသင်းကို မီခေးလ် ဟိုရေဂီဇာရဲ့ အံ့အားသင့်ဖွယ် ဂိုးနဲ့ ဦးဆောင်ခံခဲ့ရလို့ အခြေအနေမကောင်းခဲ့ရပေမယ့် ဒုတိယပိုင်းမှာ နည်းပြ ရူဘင် အမော်ရင်ရဲ့ လူစားလဲမှုတွေက ပွဲအခြေအနေကို ပြောင်းလဲစေခဲ့ပြီး မေဆန်မောင့်နဲ့ အာမက်တို့ လူစားဝင်လာပြီးနောက်ပိုင်း အိုးထရက်ဖို့ဒ်ရဲ့ ဥရောပညတစ်ညကို အမှတ်တရဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။

Photo Credit : Sky Sports

၂၀၂၃ နွေရာသီမှာ ချယ်လ်ဆီးကနေ ပေါင်(၅၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ မောင့်အတွက်တော့ ဒဏ်ရာ အခြေအနေတွေကြောင့် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီညမှာတော့ သူဟာ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ ပွဲအပြီး TNT Sports နဲ့ အင်တာဗျူးမှာ မောင့်က “ဒီလိုညမျိုးကို စောင့်နေခဲ့တာ ကြာပါပြီ။ လေ့ကျင့်ရေးမှာ နေ့တိုင်း ကြိုးစားပြီး အကောင်းမြင်စိတ်နဲ့ အခွင့်အရေးရရင် အကောင်းဆုံးလုပ်ပြဖို့ အမြဲအဆင်သင့်ပြင်ထားခဲ့တယ်။ ဒီနေ့တော့ အဲ့ဒီကြိုးစားမှုတွေ အရာထင်ခဲ့ပါပြီ။ ကျွန်တော်ဝင်လာတဲ့အချိန်မှာ ပွဲက တော်တော်ကြပ်နေခဲ့တယ်။ ကျွန်တော် ဝင်လာပြီး ပွဲကို ငြိမ်အောင် ထိန်းကစားနိုင်ခဲ့တယ်။” လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ် ဘရန့်ဖို့ဒ်ကို ၄-၃ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ မောင့်ဟာ ဒီရာသီ သူ့ရဲ့ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဒီပွဲက နှစ်ဂိုးကြောင့် (၂)ပွဲဆက်တိုက် (၃)ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဂိုးကတော့ ဂိုးဧရိယာထဲကနေ လှလှပပ ကန်သွင်းယူခဲ့တာဖြစ်ပြီး ဒုတိယဂိုးကတော့ ဘီလ်ဘာအို ဂိုးသမား ဂိုးပေါက်ကနေ ထွက်နေတုန်း ကွင်းတစ်ဝက်လောက်ကနေ အပြင်းကန်သွင်းယူခဲ့တဲ့ အံ့မခန်းဂိုးတစ်ဂိုး ဖြစ်ခဲ့ပါတယ်။

Photo Credit : AD

“ဂိုးသမား ထွက်လာတာမြင်တော့ ဘောလုံးရရင် ပထမထိချက်နဲ့ တန်းကန်မယ်လို့ စိတ်ထဲမှာ ကြိုတွေးထားခဲ့တယ်။ ဘယ်ခြေနဲ့ မကန်ချင်ခဲ့ဘူး။ ပထမဂိုးတုန်းကလိုပဲ ဘောလုံးကို လှည့်ပြီး ဂိုးပေါက်ထဲဝင်အောင် ကန်ဖို့ပဲ ကြိုးစားခဲ့တယ်” လို့ မေဆန်မောင့်က ရှင်းပြခဲ့ပါတယ်။

“ပရိသတ်တွေက တကယ်ကို အံ့အားသင့်စရာကောင်းလောက်အောင် ကျွန်တော်တို့ကို အားပေးခဲ့ကြတယ်။ ကျွန်တော့်အတွက်တော့ ဒါတွေဟာ အိုးထရက်ဖို့ဒ်မှာ သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးဂိုးတွေဖြစ်ပြီး ကျွန်တော်အချိန်အကြာကြီး စောင့်မျှော်နေခဲ့ရတဲ့ ညတစ်ညပါပဲ။ ဘီလ်ဘာအိုကို ပြန်သွားရမှာကလည်း အထူးအခိုက်အတန့်တစ်ခုဖြစ်ပြီး ရာသီသိမ်းကို အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်ချင်ပါတယ်။” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။