အင်တာ မိုင်ယာမီအသင်းဟာ ဒီကနေ့မှာ ကစားမယ့် ကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ဥရောပရဲ့ ချန်ပီယံလိဂ်ဆုရှင် ပီအက်စ်ဂျီနဲ့ ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး ဒီပွဲစဉ်အတွက် အသင်းက အပြည့်အဝ အသင့်ဖြစ်နေပြီလို့ နည်းပြ ဟာဗီယာ မာရှေယာနိုက ပြောကြားလိုက်ပါတယ်။
ဒီပွဲဟာ အင်တာ မိုင်ယာမီ ကလပ်သမိုင်းတစ်လျှောက် အရေးအကြီးဆုံး ပွဲစဉ်တွေထဲကတစ်ပွဲ ဖြစ်လာနိုင်ပြီးပွဲမတိုင်ခင်မှာ နည်းပြ မာရှေယာနိုက ဥရောပရဲ့ ထိပ်တန်းကလပ်နဲ့ ရင်ဆိုင်ရမယ့် အရေးပါပုံနဲ့ သူ့ကစားသမားဘဝက နည်းပြဟောင်းဖြစ်သူ လူးဝစ် အင်းနရစ်နဲ့ ပြန်လည်ဆုံတွေ့ရမယ့်အကြောင်းကို ပြောပြခဲ့ပါတယ်။
Photo Credit : The New York Times
မာရှေယာနိုဟာ သူ့ရဲ့ကစားသမားဘဝအပေါ် လွှမ်းမိုးမှုကြီးမားခဲ့တဲ့ ဘာစီလိုနာနည်းပြဟောင်း အင်းနရစ်နဲ့ ပြန်တွေ့ရမှာဖြစ်လို့ ဒီပွဲစဉ်ဟာ သူ့အတွက် အလွန်အဓိပ္ပာယ်ရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။ “လူးဝစ် (အင်းနရစ်)က ကျွန်တော့်ဘဝမှာ ဩဇာလွှမ်းမိုးမှုအရှိဆုံး နည်းပြတွေထဲက တစ်ယောက်ပါ။ကျွန်တော်တို့ကြားမှာ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုရှိပြီး သူ့ကို ကျွန်တော် အရမ်းလေးစားပါတယ်။ သူက ကျွန်တော့်ကို ဘာစီလိုနာဆီ ပြောင်းလာဖို့ ပြောဆိုခဲ့တဲ့သူဖြစ်ပြီး ကလပ်အသင်းအမျိုးမျိုးမှာ သူ့အရည်အချင်းကို သက်သေပြခဲ့ပြီးသားပါ။ သူ့ကို ပြန်တွေ့ရမှာဖြစ်လို့ တကယ်ကို ထူးခြားတဲ့ ခံစားချက်တစ်ခုပါ။” လို့ မာရှေယာနိုက ဆိုပါတယ်။
အင်တာ မိုင်ယာမီနည်းပြ မာရှေယာနိုက ပီအက်စ်ဂျီအသင်းဟာ ဒီပြိုင်ပွဲအတွက် ရေပန်းအစားဆုံးဖြစ်နေတာကို အသိအမှတ်ပြုခဲ့ပေမယ့် သူ့အသင်းကလည်း အကောင်းဆုံး တုံ့ပြန်ကစားသွားဖို့ အသင့်ရှိနေကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။”လေးစားမှုနဲ့ ပြောရရင် စာရွက်ပေါ်မှာတော့ ကျွန်တော်တို့က အောက်ကြေးပါ။ ဒါပေမဲ့ အဲဒါက ကျွန်တော်တို့ ပြိုင်ပွဲကနေ ထွက်နှင့်ပြီးပြီလို့ အဓိပ္ပာယ်မရပါဘူး။ ဒီအဆင့်ကို ရောက်လာဖို့က အရမ်းခက်ခဲခဲ့ပြီး အသင်းသားတွေရဲ့ ကြိုးစားမှုကြောင့် ရောက်လာခဲ့တာပါ။ ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးရလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူက ပြောပါတယ်။
Photo Credit : Goal
ဒီပွဲဟာ သူ့ရဲ့နည်းပြဘဝအတွက် အဆုံးအဖြတ်ပေးမယ့်ပွဲ မဟုတ်ပေမယ့် သူ့ရဲ့ နည်းဗျူဟာနဲ့ ခေါင်းဆောင်နိုင်စွမ်းကို စမ်းသပ်မယ့် အဓိကပွဲတစ်ပွဲဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ “ဒီပွဲကို ကျွန်တော့်နည်းပြဘဝရဲ့ အရေးအကြီးဆုံးပွဲလို့ ကျွန်တော်မမြင်ပါဘူး။ အဓိကအချက်က အဲ့ဒါမဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီအခွင့်အရေးကို ရအောင်ယူခဲ့တယ်။ အခုကတော့ ထိပ်တန်းအသင်းတစ်သင်းကို အကောင်းဆုံးခြေစွမ်းနဲ့ ယှဉ်ပြိုင်ကစားဖို့ပါပဲ။ သူတို့က ရှုံးနိမ့်လို့မရတဲ့အသင်း မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။” လို့ သူက ထပ်လောင်းပြောပါတယ်။
ထူးခြားချက်အနေနဲ့ မာရှေယာနိုဟာ အုပ်စုအဆင့်မှာ အခြားအာဂျင်တီးနားလူမျိုး နည်းပြ ၅ ဦးလုံး ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက် ပြိုင်ပွဲမှာ ဆက်လက်ရှင်သန်နေတဲ့ တစ်ဦးတည်းသော အာဂျင်တီးနားနည်းပြ ဖြစ်လာခဲ့ပါတယ်။ ဒါဟာ အင်တာမိုင်ယာမီနဲ့အတူ သူရဲ့ ကြံ့ခိုင်မှုနဲ့ တိုးတက်မှုကို သက်သေပြနေပါတယ်။ အုပ်စုအဆင့်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နာမည်ကြီး အာဂျင်တီးနားနည်းပြတွေဖြစ်တဲ့ မာဆယ်လို ဂယ်လာဒို (ရီးဗားပလိတ်)၊ မီဂေးလ် အိန်ဂျယ် ရူဆို (ဘိုကာဂျူနီယာ)၊ မာတင် အန်ဆယ်မီ (ပေါ်တို) နဲ့ ဒီယေဂို ဆီမြွန်နီ (အက်သလက်တီကို မက်ဒရစ်) တို့အားလုံးဟာ ရှုံးထွက်အဆင့်မတိုင်ခင်မှာပဲ ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီး ဖြစ်ပါတယ်။