အင်တာ မိုင်ယာမီအသင်းဟာ မကြာသေးခင်က ကစားခဲ့တဲ့ ၅ ပွဲမှာ ၄ ပွဲမြောက် ရှုံးပွဲအဖြစ် မင်နီဆိုတာ ယူနိုက်တက်ကို အဝေးကွင်းမှာ ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။ ဒီပွဲအပြီးမှာတော့ အသင်းနည်းပြ ဟာဗီယာ မာရှေယာနိုက သူ့အသင်းရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သက်ပြီး ခုခံ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီရဲ့ သွင်းဂိုးနဲ့အတူ ပွဲအခြေအနေကို ၂-၁ အဖြစ် ပြန်လည်ချေပနိုင်ခဲ့ပြီး မကြာခင်မှာပဲ တတိယမြောက်ဂိုး ထပ်ပြီး ပေးလိုက်ရတာက ပွဲရဲ့ အဆုံးအဖြတ်ဖြစ်သွားခဲ့တယ်လို့ မာရှေယာနိုက အလေးပေးပြောပါတယ်။ “တတိယဂိုးက ကျွန်တော်တို့ကို သတ်ပစ်လိုက်တာပါပဲ။ ဒါက ကျွန်တော်တို့အတွက် အရမ်းခက်ခဲတဲ့ ရှုံးပွဲပါ။ ဘာလို့လဲဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် မင်နီဆိုတာက ကျွန်တော်တို့ကို ဘယ်လိုပုံစံနဲ့ ဒုက္ခပေးနိုင်လဲဆိုတာ ကျွန်တော်တို့ ကြိုသိထားပြီးသားပါ။ အဲဒီအတွက်လည်း ပြင်ဆင်ထားခဲ့ပေမယ့် အခုလိုဖြစ်သွားတာက ကျွန်တော့်ကို အများကြီး စိုးရိမ်စေပါတယ်။” လို့ မာရှေယာနိုက ပြောဆိုခဲ့ပါတယ်။

Photo Credit : Goal

အင်တာ မိုင်ယာမီ နည်းပြဘဝ (၅)ပွဲမြောက် ရှုံးပွဲကြုံခဲ့ရတဲ့ မာရှေယာနိုက မင်နီဆိုတာကွင်းမှာ အသုံးပြုခဲ့တဲ့ နည်းစနစ်ပိုင်း ချဉ်းကပ်မှုအကြောင်းလည်း ရှင်းပြခဲ့ပါတယ်။ အသင်းရဲ့ တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်က ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ပွဲကစားနိုင်ခြင်း မရှိတာကြောင့် တိုက်စစ်မှူးစစ်စစ် မပါဘဲ ပွဲထွက်ခဲ့ရတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့က ပွဲကို တခြားနည်းနဲ့ ပြင်ဆင်ထားခဲ့တာပါ။ ဒီမနက်ပဲ ဖာဖာက ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားရလို့ မကစားနိုင်တော့တာကြောင့် အသင်းရဲ့ ပုံစံကို ပြောင်းလဲလိုက်ရပါတယ်။ တိုးတက်ဖို့ လိုအပ်တဲ့နေရာတွေကတော့ အဓိကအားဖြင့် ခံစစ်ပိုင်းပါပဲ။ နေရာလွတ် မရှိတဲ့အချိန်မျိုးမှာ ဘောလုံး ရှင်းရှင်းလင်းလင်း ကစားဖို့ဆိုတာ အရမ်းခက်ပါတယ်။ ဒါက ဆင်ခြေမဟုတ်ပါဘူး၊ ကျွန်တော်တို့ ဒါကို ပြင်ဆင်လုပ်ဆောင်ရပါမယ်။”

Photo Credit : Goal

“ပြိုင်ဘက်က ကောင်းကောင်းကစားသွားပြီး ကျွန်တော်တို့ ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။ အခွင့်အရေး တချို့တော့ ရခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တိုက်စစ်ဆင်တိုင်း ဘောလုံးအသွင်းအထုတ် အကူးအပြောင်းမှာ သူတို့က ကျွန်တော်တို့ကို အပြင်းအထန် ဒုက္ခပေးသွားပါတယ်။” လို့လည်း မာရှေယာနိုက ရှင်းလင်း ပြောကြားခဲ့ပါတယ်။

အင်တာ မိုင်ယာမီဟာ ဒီရှုံးပွဲကြောင့် ဒီရာသီ မေဂျာလိဂ်ရဲ့ ဒုတိယမြောက် ဂိုးပြတ်ရှုံးပွဲကို ကြုံတွေ့ခဲ့ရပြီး နောက်ဆုံးကစားထားခဲ့တဲ့ ပြိုင်ပွဲစုံ (၅)ပွဲမှာလည်း (၄)ပွဲအထိတောင် ရှုံးနိမ့်ထားတာက အသင်းအတွင်း စိုးရိမ်မှုတွေ မြင့်တက်စေခဲ့ပါတယ်။ ရလဒ်ဆိုးတွေအပြင် မာရှေယာနိုရဲ့ အသင်းဟာ ဒီရှုံးပွဲ (၄)ပွဲအတွင်း ဂိုးပေါင်း (၁၃)ဂိုးအထိပါ ခွင့်ပြုပေးခဲ့ရတာလည်း ဖြစ်ပါတယ်။