အင်တာ မိုင်ယာမီအသင်းရဲ့ နည်းပြဖြစ်သူ ဂျာရာဒို မာတီနိုက လီယွန်နယ် မက်ဆီက ဒဏ်ရာပြသာနာ အနည်းငယ် ရှိနေပေမယ့်လည်း ဟောင်ကောင် all-stars အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ခြေစမ်းပွဲစဉ်မှာတော့ ပါဝင်ကစားသွားဖို့ ရှိနိုင်တယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မိုင်ယာမီအသင်းရဲ့ စူပါစတား ကစားသမား GOAT ကြီး မက်ဆီဟာ မိုင်ယာမီနဲ့အတူ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်တွေကို ပါဝင်လျက် ရှိနေပြီး ဆော်ဒီထိပ်သီးကလပ် အယ်လ်နာဆာနဲ့ ပွဲစဉ်မှာတော့ ဒဏ်ရာ အခြေအနေကြောင့် ပွဲပြီးခါနီး မိနစ်ပိုင်းလေးသာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။

Photo Credit : Quiero TV

မက်ဆီဟာ အယ်လ်ဟီလာ နဲ့ အင်တာ မိုင်ယာမီအသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ Riyadh Season Cup ဖိတ်ခေါ် ခြေစမ်းပွဲစဉ်မှာ ပါဝင်ကစားရင်း သွင်းဂိုးတစ်ဂိုး ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် အဲ့ဒီပွဲစဉ်အတွင်းမှာပဲ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့တာကြောင့် အယ်လ်နာဆာပွဲကို မိနစ်ပိုင်းလေးပဲ ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မက်ဆီက ဒီနေ့ နေ့လည် (၂)နာရီခွဲအချိန် ဟောင်ကောင်ညွှန့်ပေါင်းအသင်းနဲ့ ကစားသွားရမယ့် ခြေစမ်းပွဲစဉ်မှာတော့ ပါဝင်သွားနိုင်တယ်လို့ မိုင်ယာမီနည်းပြ မာတီနိုက ပြောဆိုသွားခဲ့ပါတယ်။ “ကျွန်တော်တို့အတွက် အရမ်းပြင်းထန်တဲ့ ပွဲ(၂)ပွဲကို ကစားခဲ့ရပါတယ်။ နောက်ပြီး အယ်လ်ဆာဗေဒိုး ၊ ဒါးလက်စ်တို့နဲ့ ကစားထားခဲ့ရပါသေးတယ်။”

Photo Credit : Inter Miami CF

“ဒီပွဲတွေအပြီးမှာ ကျွန်တော်တို့က ကစားသမား တစ်ဦးချင်းစီရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကိုလည်း စောင့်ကြည့်ရပါတယ်။ ဒါပေမယ့် လီယိုကတော့ တက်နိုင်သမှိ အချိန်ပေးပြီး ကစားနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။”

“ရာသီကြို ခြေစမ်းပွဲတွေ အများကြီး ကစားထားရတာကြောင့် အသင်း လေ့ကျင့်ရေး အစီအစဉ်တွေမှာ ကစားသမားတစ်ဦးချင်းစီရဲ့ အခြေအနေတွေကို အကဲဖြတ်သွားရပါမယ်။ ရည်မှန်းထားကတော့ လီယို မိနစ်များများ ကစားနိုင်ဖို့ပါပဲ။ ဒါက သူ ဘယ်လောက် လေ့ကျင့်ခန်းဆင်းနိုင်မလဲ ဆိုတဲ့အပေါ်မှာ မူတည်နေပေမယ့် သူ သေချာပေါက်တော့ ပါဝင်နိုင်ပါလိမ့်မယ်” လို့ မာတီနိုက ပြောဆိုသွားခဲ့ပါတယ်။