အင်တာ မိုင်ယာမီ အသင်းနည်းပြ မာတီနိုက သူ့အသင်းရဲ့ အသင်းခေါင်းဆောင် အဓိက တိုက်စစ်ကစားသမား လီယွန်နယ် မက်ဆီဟာ လက်ရှိအချိန်အထိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦး ဖြစ်နေဆဲပဲလို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။
ဒီနေ့မှာ ၂၀၂၄ ဘာလွန်းဒေါဆု ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ချီးမြှင့်ပေးသွားမှာဖြစ်ပြီး လတ်တလော အခြေအနေတွေအရ ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ် ကြယ်ပွင့်ကစားသမားဖြစ်သူ ဗင်နီစီယပ်စ်က ဒီဆုကို ဆွတ်ခူးနိုင်ဖို့ သေချာသလောက်ကို ရှိနေရပါတယ်။
Photo Credit : talkSPORT
ဗင်နီစီယပ်စ်သာ ၂၀၂၄ ဘာလွန်းဒေါဆုရှင် ဖြစ်လာခဲ့မယ်ဆိုရင်တော့ မက်ဆီ ရော်နယ်လ်ဒိုတို့ ခေတ်အလွန် ပထမဆုံးအကြိမ် ဘာလွန်းဒေါဆုကို ပိုင်ဆိုင်နိုင်မယ့် ကစားသမား ဖြစ်လာရတော့မှာ ဖြစ်တဲ့အပြင် ဒီနှစ် ဘာလွန်းဒေါဆုရဲ့ ဆန်ခါတင်စာရင်းမှာပါ ဘာလွန်းဒေါဆု (၈)ကြိမ် ရရှိထားသူ မက်ဆီနဲ့ (၅)ကြိမ် ဆွတ်ခူးထားသူ ရော်နယ်လ်ဒိုတို့ မပါဝင်လာနိုင်တော့ပဲ ဖြစ်ခဲ့ပါတယ်။
မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ နှစ်ဦးဟာ ဘာလွန်းဒေါဆုကို ဆယ်စုနှစ်တစ်ခုကျော်အထိ လွှမ်းမိုးထားနိုင်ထားရာကနေ အခုတော့ ဒီ GOAT ကြီး နှစ်ဦးရဲ့ နေဝင်ချိန်ဆီ ရောက်လာနေပေမယ့် မက်ဆီကတော့ အခုအချိန်ထိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်နေဆဲပဲလို့ မိုင်ယာမီနည်းပြ မာတီနိုက မှတ်ချက်ပြု ပြောဆိုလာခဲ့ပါတယ်။
Photo Credit : Major League Soccer
“ဘာလွန်းဒေါဆုပေးပွဲဟာ ကျွန်တော်ရဲ့ စိတ်အာရုံကို ဘယ်တုန်းကမှ ဖမ်းစားနိုင်တဲ့ အရာမျိုး မဖြစ်ခဲ့ပါဘူး။ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုလား တစ်နှစ်တာ အကောင်းဆုံးဆုလားဆိုတာ ကျွန်တော့်အတွက် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဗင်နီစီယပ်စ် ဂျူနီယာက အကောင်းဆုံးဖြစ်ဖို့ ထိုက်တန်နေပြီ ဆိုပေမယ့် ခင်ဗျား ကျွန်တော့်ကို အခုလက်ရှိ ဘယ်သူက အကောင်းဆုံးလဲလို့ မေးလာရင် မက်ဆီလို့ပဲ ပြောရမှာပါ။” လို့ မာတီနိုက ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။
မက်ဆီဟာ လက်ရှိမှာ မိုင်ယာမီအသင်းနဲ့အတူ ၂၀၂၄ MLS ဘောလုံးရာသီကို ဖြတ်သန်းထားခဲ့ပြီး 2024 MLS Supporter’s Shield ဆုဖလားကိုပါ ဆွတ်ခူးထားနိုင်ခဲ့သလို MLS Cup Playoffs ပွဲစဉ်တွေကို ဆက်လက် ဆင်နွဲလျက် ရှိနေပြီး ဒီဆုဖလားကို ထပ်မံ ရယူသွားနိုင်ဖို့ ဆန္ဒပြင်းပြလျက် ရှိလို့နေပါတယ်။ ဒီဖလားကိုသာ ရရှိမယ်ဆိုရင် မက်ဆီက သူ့ကစားသမားဘဝအတွင်း (၄၇)လုံး ဆုဖလားကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။