အက်စတွန် ဗီလာအသင်းရဲ့ အာဂျင်တီးနား ဂိုးသမား အယ်လ်မီ မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးတယ်လို့ မာတီနက်ဇ်ရဲ့အေးဂျင့်ဖြစ်သူ ဂူစတာဗိုက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ရာသီအစတုန်းက အသင်းရဲ့ ဝါရင့်ဂိုးသမား ဒေးဗစ် ဒီဂီယာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ ဂိုးသမားသစ်တစ်ဦး ရှာဖွေခဲ့ရာ ယူနိုက်တက်နဲ့ သတင်းအထွက်ဆုံး ဂိုးသမားတွေထဲ အာဆင်နယ် ဂိုးသမားဟောင်း မာတီနက်ဇ်ပါ ပါဝင်လာခဲ့ရပါတယ်။
Photo Credit : SPORTbible
ဒါပေမယ့် ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ကတော့ ဒီဂီယာ အသင်းနဲ့ စာချုပ်သက်တမ်း မကုန်ဆုံးခင်ကတည်းက သူရဲ့ တပည့်ဟောင်း ဂိုးသမား အန်ဒရေ အိုနာနာကိုသာ အသင်းဆီ ခေါ်ဆောင်ဖို့ စိတ်အားထက်သန်ခဲ့တဲ့အတွက် အင်တာမီလန်ကနေ အိုနာနာကို အရ ခေါ်ယူခဲ့ပြီး တူရကီ ဂိုးသမား ဘယင်ဒါကိုပါ ဖီနာဘာချီကနေ ခေါ်ယူခဲ့ပါသေးတယ်။
ဒါပေမယ့် အိုနာနာရဲ့ လက်စွမ်းတွေက မေးခွန်းထုတ်စရာတွေ ရှိလောက်အောင် အမှားတွေရော ပေးဂိုးတွေပါ များပြားခဲ့ရသလို အိုနာနာ လက်စွမ်းပိုင်း မတည်ငြိမ်တာတောင်မှ တန်ဟက်ဂ်က ဘယင်ဒါကို ကစားခွင့်မပေးပဲ အိုနာနာကိုသာ အသင်းဂိုးပေါက်မှာ ဆက်တိုက် နေရာပေးခဲ့ပါသေးတယ်။
Photo Credit : Tribuna
ဒီလို ဂိုးသမား အခြေအနေနဲ့ ပတ်သက်ပြီး မာတီနက်ဇ်ရဲ့ အေးဂျင့် ဂူစတာဗိုက “ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အယ်လ်မီဟာ မန်ချက်စတာ ယူနိုက်တက်အသင်းဆီကို ရောက်ရှိဖို့ အတော်လေး နီးစပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ယူနိုက်တက် နည်းပြကတော့ မာတီနက်ဇ်အစား သူနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ အိုနာနာကိုပဲ ရွေးချယ်ခဲ့တယ်။”
“မန်ချက်စတာ ယူနိုက်တက် တစ်သင်းလုံးကတော့ ဒေးဗစ် ဒီဂီယာရဲ့နေရာမှာ အယ်လ်မီယာနို မာတီနက်ဇ်နဲ့ အစားထိုးဖို့ကိုပဲ လိုချင်ကြတာပါ။ ဒါပေမယ့် နည်းပြဖြစ်သူကတော့ သူ့တပည့်ကျော် အိုနာနာကိုပဲ ရွေးချယ်ခဲ့ပါတယ်။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။