အာဆင်နယ် အရန်ဂိုးသမား ဘဝကနေ ကမ္ဘာ့ဖလား ချန်ပီယံအထိ ဖြစ်လာခဲ့ရတဲ့ ဂိုးသမား အီမီလီယာနိုမာတီနက်ဇ်ရဲ့ ကစားသမားဘဝက တကယ့်ကို အိမ်မက်ဆန်ဆန်ပါပဲ။ အာဆင်နယ်မှာ ပုံမှန်နေရာရဖို့ အလွန် ရုန်းကန်ခဲ့ရတဲ့ ဒီဂိုးသမားက အသက်(၃၀)ဝန်းကျင်လောက်မှ နိုင်ငံ့လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရခဲပြီး ဘောလုံးသမားတိုင်း လိုချင်နေတဲ့ ကမ္ဘာ့ဖလားကြီးကို သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။

Photo Credit : talkSPORT

အာဂျင်တီးနားကလပ် အင်ဒီပန်ဒီးယန့်တီအသင်းရဲ့ လူငယ်အသင်းမှာ ပါဝင်ကစားရင်းနဲ့ ၂၀၁၀ခုနှစ်မှာ အာဆင်နယ် လူငယ်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ မာတီနက်ဇ်ဟာ ၂၀၁၂ခုနှစ်ကနေ စတင်ပြီး အောက်စ်ဖို့ဒ် ရှက်ဖီးဝင်းစ်ဒေး ရိုသာဟမ် ဝုလ် ဂီတာဖေး ရက်ဒင်းအသင်းတွေမှာ အငှား ကစားသမားဘဝအဖြစ် ကျင်လည်ခဲ့ရသလို သူရဲ့ မိခင်ကလပ် အာဆင်နယ်အတွက်ကိုတော့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှသာ သေချာ ကစားပေးခွင့် ရရှိခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက အာဆင်နယ်ရဲ့ ပင်တိုင်ဂိုးသမား လေနို ဒဏ်ရာရသွားချိန်မှာ မာတီနက်ဇ်က အာဆင်နယ် ဂိုးပေါက်ကို တာဝန်ယူဖို့ အခွင့်အရေး ရရှိလာခဲ့ရင်းနဲ့ ချယ်လ်ဆီးနဲ့ ကစားခဲ့ရတဲ့ လန်ဒန်ဒါဘီ အက်အေဖလားဖိုင်နယ်မှာ လက်စွမ်းပြခဲ့ပြီး အာဆင်နယ်ကို (၁၄)ကြိမ်မြောက် အက်အေဖလားချန်ပီယံ ဖြစ်လာစေခဲ့ပါတယ်။

Photo Credit : Buenos Aires Times

အာဆင်နယ်အတွက် အက်အေဖလား ရယူပေးပြီးနောက် အက်စတွန်ဗီလာအသင်းဆီ ပြောင်းရွှေ့ဖြစ်ပြီး ဗီလာရဲ့ နံပါတစ်ဂိုးသမား ဖြစ်လာခဲ့ရသလို အာဂျင်တီးနား လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံလာခဲ့ရပါတယ်။ အာဂျင်တီးနားအသင်းနဲ့ ၂၀၂၁ ကိုပါအမေရိကပြိုင်ပွဲ ဝင်ရောက် ဆင်နွဲဖြစ်ခဲ့တဲ့ မာတီနက်ဇ်ဟာ အဲ့ဒီပြိုင်ပွဲမှာပဲ အသင်းကို ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့တဲ့အပြင် သူကပါ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ဂိုးသမားဆုကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ကိုပါအမေရိက ချန်ပီယံ ဖြစ်ပြီးတဲ့နောက် ယူရိုချန်ပီယံနဲ့ ကိုပါချန်ပီယံတို့ကို ယှဉ်ပြိုင်ကစားစေခဲ့တဲ့ ဥရောပ-တောင်အမေရိက ချန်ပီယံလုပွဲမှာလည်း ဥရောပချန်ပီယံ အီတလီအသင်းဘက်ကို တစ်ဂိုးမှ ခွင့်မပြုခဲ့ရအောင် ကစားနိုင်ခဲ့ပြီး ချန်ပီယံ ထပ်ဖြစ်ခဲ့ပါတယ်။ အခု ၂၀၂၂ကာတာကမ္ဘာ့ဖလားမှာလည်း မာတီနက်ဇ်ဟာ ကစားသမားဘဝရဲ့ ပထမဆုံးသော world cup ကို ဆင်နွဲခဲ့ပြီး ပြိုင်ပွဲတစ်လျှောက်လုံး အာဂျင်တီးနားအတွက် လက်စွမ်းပြ ကာကွယ်မှုတွေ ပင်နယ်တီ ကာကွယ်မှုတွေ လုပ်ဆောင်ခဲ့ရင်း နောက်ဆုံးမှာတော့ ကမ္ဘာ့ဖလားချန်ပီယံပါ ဖြစ်လာခဲ့ရပါတယ်။ တစ်ချိန်က အရန်ဂိုးသမား အငှားဂိုးသမား တစ်ဦးရဲ့ နှစ်ကာလအနည်းငယ်အတွင်း အိမ်မက်ဆန်ဆန် ပြောင်းလဲမှုတွေက ကံတရားရဲ့ အထောက်အပံ့ကြောင့်လို့သာ သတ်မှတ်လို့ မရနိုင်ပဲ သူ့အတွက် အခွင့်အရေးတွေ ရလာချိန်မှာ ဒီအခွင့်အရေးကို လက်လွတ်မခံပဲ အကောင်းဆုံး အသုံးချပြီး မဆုတ်မနစ် ကြိုးပမ်းမှုတွေကြောင့်လို့ပါ ပြောရပါလိမ့်မယ်။