ပြီးခဲ့တဲ့ ဇွန်လ(၄)ရက်နေ့ကတော့ ပရိသတ်တွေ စိတ်လှုပ်ရှားစရာဖြစ်ခဲ့ရတဲ့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပေါ်တူဂီအသင်းက အိမ်ရှင်ဂျာမနီအသင်းကို 1-2 နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲတက်ရောက်သွားနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ပေါ်တူဂီနည်းပြ ရောဘတ်တို မာတီနက်ဇ်က အသင်းရဲ့ခြေစွမ်းကို ချီးကျူးခဲ့သလို ကွင်းလယ်ကစားသမား ဗီတင်ညာရဲ့ တစ်ရာသီလုံးခြေစွမ်းဟာ Ballon d’Orနဲ့တောင် ထိုက်တန်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

“ဗီတင်ညာရဲ့ ဒီရာသီ ခြေစွမ်းတွေကတော့ အားလုံး ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ ကျွန်တော့်အတွက်တော့ သံသယဖြစ်စရာမရှိပါဘူး။ ပီအက်စ်ဂျီအသင်း ဒီဆုဖလားတွေအားလုံး ရအောင် သူက အဓိက ကစားသမားတစ်ဦးအဖြစ် စွမ်းဆောင်ခဲ့တာပါ။ သူ့ရဲ့ကစားဟန်နဲ့ ထိရောက်မှုတွေကြောင့် ဗီတင်ညာဟာ ရွှေဘောလုံးဆုနဲ့ ထိုက်တန်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။”

Photo Credit : Bola na Rede

“မနေ့ကတည်းက ကျွန်တော်ပြောခဲ့သလိုပါပဲ။ ကစားသမားအားလုံးကို အကဲဖြတ်ပြီး အသင်းကို ဟန်ချက်ညီအောင်လုပ်ဖို့ အရေးကြီးပါတယ်။ အိမ်ကွင်းမှာကစားတဲ့ ဂျာမနီအသင်းက အားအင်အပြည့်နဲ့ မြန်မြန်ဆန်ဆန်ကစားတတ်တာကြောင့် ပွဲအစကောင်းဖို့က ကျွန်တော်တို့အတွက် အရေးပါခဲ့တယ်။ ဒါပေမဲ့ ပွဲသိမ်းကောင်းဖို့လည်း လိုအပ်ပြီး အဲဒါကို ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ ဂျာအို နေးဗက်စ် ဆိုရင် သူကစားခဲ့တဲ့ တစ်နာရီလုံးမှာ ထူးချွန်ပြောင်မြောက်ခဲ့တယ်။ နူနို မန်ဒက်စ်ကတော့ ပွဲချိန်ပြည့်ကစားခဲ့ပေမယ့် အချိန်ပိုသာ ဆက်ကစားရရင် သူ့အတွက် တော်တော်ခက်ခဲသွားနိုင်တယ်။ ဂွန်ဆာလို ရာမို့စ်ကလည်း ခြေစွမ်းကောင်းနေခဲ့ပြီး ဗီတင်ညာ ပွဲနှောင်းပိုင်းမှာ ဝင်လာပြီး ပွဲကို အပြီးသတ်နိုင်အောင် ကူညီပေးနိုင်ခဲ့တာက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။”

“သူက ပွဲချိန်အတွင်းဖြစ်ဖြစ် အချိန်ပိုမှာဖြစ်ဖြစ် အသင်းကို အကျိုးပြုနိုင်စွမ်းရှိတယ်။ ပေါ်တူဂီအသင်းမှာ နည်းဗျူဟာပိုင်းဆိုင်ရာ ပျော့ပြောင်းမှု လိုအပ်ပြီး အဲဒါကို ကျွန်တော်တို့ ပြသနိုင်ခဲ့တယ်။ ကစားသမား(၁၁)ယောက်ထက် ပိုလိုအပ်တယ် ဆိုတာကိုလည်း ပြခဲ့တယ်။ ဒီနေ့ပွဲမှာ ဆီမီဒို၊ လူငယ်လေး ကွန်ဆီကာအိုနဲ့ ဗီတင်ညာတို့ကို လူစားဝင်ကစားစေခဲ့တာက ကျွန်တော်တို့ရဲ့ ကစားပုံကို အများကြီး အထောက်အကူပြုခဲ့ပြီး ပွဲကို ကောင်းကောင်းအဆုံးသတ်နိုင်ခဲ့တယ်။ အဲဒီနောက်မှာ ဂျိုတာ၊ ပါလင်ညာ နဲ့ တခြားကစားသမားတွေလည်း ရှိပါသေးတယ်။ ယူရိုပြိုင်ပွဲမှာဆိုရင် ဒီထက်ပိုများတဲ့ ကစားသမားအင်အား လိုအပ်လာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။”

Photo Credit : Ranger News

“ဒီနေ့ပွဲမှာ ဂျာမနီလိုအသင်းမျိုးနဲ့ ရင်ဆိုင် ယှဉ်ပြိုင်နိုင်ကြောင်း လူစားဝင်မှုတွေနဲ့ နည်းဗျူဟာ အပြောင်းအလဲတွေနဲ့အတူ ကျွန်တော်တို့ရဲ့ ကစားပုံကို ပိုပြီးစုံလင်အောင် လုပ်နိုင်ခဲ့ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ကစားသမားတွေရဲ့ စိတ်ဓာတ်နဲ့ ပေးဆပ်မှုကို ကျွန်တော် အမြဲပြောပါတယ်။ သူတို့ဟာ ပေါ်တူဂီအသင်းအတွက် ကစားရတာကို မြတ်နိုးကြတယ်။ ကျွန်တော်တို့မှာ ရှင်းလင်းတဲ့ ရည်မှန်းချက်တွေရှိတဲ့အခါ အရှိန်မြင့်ကစားတာက ကျွန်တော်တို့ရဲ့ အမှတ်လက္ခဏာတစ်ခု ဖြစ်လာပါတယ်။ နည်းဗျူဟာပိုင်းအရ ဒီနေ့ပွဲက တကယ့်ကို စိန်ခေါ်မှုကြီးတစ်ခုပါ။ ဂျာမနီက စွန့်စားကစားခဲ့တယ်။ ပွဲကိုဖွင့်ကစားခဲ့ပြီး တစ်ယောက်ချင်း ထိုးဖောက်မှုတွေ ဖန်တီးခဲ့တယ်။ဒါက စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတစ်ခုပါပဲ။”

“ကျွန်တော်တို့က ဂျာမနီအသင်းကို အဝေးကွင်းမှာ သွားကစားခဲ့ရတာပါ။ ပေါ်တူဂီနဲ့ ဂျာမနီ နောက်ဆုံးငါးပွဲတွေ့ဆုံမှုအကြောင်း လူတွေပြောကြတယ်။ ကျွန်တော်တို့ နောက်ဆုံးနိုင်ခဲ့တာ လွန်ခဲ့တဲ့ အနှစ်(၂၅)နှစ်ကပါ။ ကျွန်တော်ထင်တာကတော့ ကျွန်တော်တို့ပေးလိုက်ရတဲ့ဂိုးက တကယ်တမ်း ခွင့်မပြုသင့်တဲ့ဂိုးပါ။ ဘာလို့ လူကျွံဘော မသတ်မှတ်ခဲ့တာလဲ ကျွန်တော် နားမလည်ဘူး။ စိတ်ဓာတ်ပိုင်းက အဓိကကျခဲ့တယ်။ ကျွန်တော်တို့ တုံ့ပြန်ရမယ်။ ကိုယ်လုပ်နေတာကို ယုံကြည်ရမယ်။ စိန်ခေါ်မှုကို ရင်ဆိုင်ပြီး စွန့်စားရဲရမယ်။ အဲ့ဒါတွေအားလုံးအတွက် အရှိန်မြင့်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုက နှစ်ရက်ခွဲလောက် လုပ်ဆောင်ခဲ့တဲ့ အကျိုးဆက်ကြောင့် ရလာတဲ့ ထူးချွန်တဲ့ နည်းဗျူဟာပိုင်း အကောင်အထည်ဖော်မှုကြောင့်ပါ။ နှစ်ရက်တည်းနဲ့ ရလာတာမဟုတ်ပါဘူး။ ဒါက ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတစ်ခုဖြစ်လို့ ကျွန်တော် အရမ်းကို ကျေနပ်ပြီး ဂုဏ်ယူမိပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်ခွဲအတွင်း ကစားသမားတွေ ဘယ်လောက်ထိ တိုးတက်လာခဲ့တယ်ဆိုတာကို ပြသနေပါတယ်။” လို့ မာတီနက်ဇ်က ပြောဆိုသွားခဲ့ပါတယ်။