ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ဗဟိုနောက်ခံလူ တဦး ဖြစ်သူ လီဆန်ဒရို မာတီနက်ဇ်က သူဟာ ရာသီသစ်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ချန်ပီယံလိဂ် ဆုဖလား ရယူနိုင်အောင် ပစ်မှတ်ထား ကြိုးစားသွားမယ်လို့ ESPNသတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ဗဟိုနောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့သလို မန်ချက်စတာ ယူနိုက်တက်နဲ့လည်း ကာရာဘောင်းဖလားကို အရယူနိုင်ခဲ့သူပါ။

Photo Credit: Goal

လီဆန်ဒရို မာတီနက်ဇ်က အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ခဲ့ပြီးနောက် ဗာရန်းနဲ့ တွဲဖက်ကာ အသင်းရဲ့ အဓိက ဗဟိုခံစစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူ ပါဝင်တဲ့ ပွဲစဉ်တိုင်းမှာ မန်ချက်စတာ ယူနိုက်တက်က ရလဒ်ကောင်းတွေ ရရှိခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာ အိုင်ဗရီကို့စ် ဂိုးသမား အိုနာနာ ၊ အင်္ဂလန် ကွင်းလယ်လူ မေဆန်မောင့်တို့လို အရည်အသွေးမြင့် ကစားသမားတွေကို ခေါ်ယူထားနိုင်သလို ဒိန်းမတ် လူငယ်ကြယ်ပွင့် ဟွိုင်လန်း ၊ မော်ရိုကို အသင်းခေါင်းဆောင် အမ်မရာဘက် စတဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ဖို့လည်း နီးစပ်နေပါသေးတယ်။

Photo Credit: MEN

ဒါကြောင့် တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာ သူတို့ လိုချင်တဲ့ ကစားသမား အားလုံးကို ခေါ်ယူနိုင်ခဲ့ရင် ရာသီသစ်မှာ ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်း ရှိသွားမှာ ဖြစ်ပြီး မာတီနက်ဇ်ကတော့ သူဟာ ရာသီသစ်မှာ အခြားဖလားတွေထက် ချန်ပီယံလိဂ် ဆုဖလားကို ကိုင်မြှောက်ခွင့် ရချင်သလို ချန်ပီယံလိဂ်ဖလား ရရှိအောင်လည်း အစွမ်းကုန် ကြိုးစားသွားမယ်လို့ ဆိုလာပါတယ်။

မာတီနက်ဇ်က – “ရာသီသစ်အတွက် ကျွန်တော့်ရဲ့ ပစ်မှတ်ကတော့ ချန်ပီယံလိဂ်ဖလားကို အရယူဖို့ပါပဲ။ ကျွန်တော်တို့အသင်းက အသင်းကြီး တသင်း ဖြစ်လို့ ကြီးမားတဲ့ ဆုဖလားတွေကို ပစ်မှတ်ထားရပါမယ်။ ကျွန်တော်တို့အသင်းရဲ့ အနိမ့်ဆုံး အောင်မြင်မှုက ဆုဖလားတွေ ရရှိဖို့ပဲ ဖြစ်ရပါမယ်။ ကျွန်တော့်ရဲ့ တဦးထဲ ခံစားချက်အရ ဆိုရင် ကျွန်တော်က ဆုဖလားတိုင်းကို လိုချင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။