ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ဗဟိုနောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်က သူတို့အသင်းဟာ ဒီရာသီမှာ ယှဉ်ပြိုင်ဖို့ ပြိုင်ပွဲ ၂ခုထဲသာ ကျန်တော့တာကြောင့် အက်ဖ်အေဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်အောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မာတီနက်ဇ်ရဲ့ မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကာရာဘောင်းဖလားကို ရခဲ့သလို အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲ အထိ တက်ရောက်နိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ကာရာဘောင်းပြိုင်ပွဲ ကနေ စောစောစီးစီး ထွက်ခွာခဲ့ရတာကြောင့် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ခြင်း မရှိပါဘူး။

Photo Credit: Goal

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က အက်ဖ်အေဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရထားသေးတာကြောင့် ပြီးခဲ့တဲ့ရာသီမှာ မသိမ်းပိုက်နိုင်ခဲ့တဲ့ အက်ဖ်အေဖလားကို အပိုင် သိမ်းနိုင်မယ့် အခွင့်အရေး ရှိနေဆဲ ဖြစ်ပြီး လက်ကျန် ရာသီဝက်မှာ ဥရောပပြိုင်ပွဲတွေ ဝင်ပြိုင်စရာ မလိုတော့တာကြောင့်လည်း မန်ချက်စတာ ယူနိုက်တက်ဟာ ပြည်တွင်းပြိုင်ပွဲ ၂ခုကို အားစိုက် ယှဉ်ပြိုင်နိုင်တော့မှာပါ။

ဒါကြောင့်လည်း မာတီနက်ဇ်က နောက်ဆုံး လုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူတို့အသင်းဟာ လက်ကျန်ပြိုင်ပွဲတွေကို အာရုံစိုက် ကစားတော့မှာ ဖြစ်ပြီး သူတို့အသင်းဟာ အက်ဖ်အေပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်အောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

မာတီနက်ဇ်က – “ကျွန်တော့်ရဲ့ စိတ်ဓာတ်ကတော့ ပြိုင်ပွဲတိုင်းမှာ အနိုင်ရချင်တာပါပဲ။ အခုချိန်မှာ ကျွန်တော်တို့က ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ထားရတဲ့ အတွက် စိတ်ပျက်မိပါတယ်။ ဒါပေမယ့် အခုကနေ စပြီး ကျွန်တော်တို့တွေ ပွဲတိုင်းကို အနိုင် ကစားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က တိုက်ပွဲဝင်မယ်။ ကျွန်တော်တို့က အက်ဖ်အေဖလားကို ရယူနိုင်အောင် ကြိုးစားမယ်။ ကျွန်တော်တို့က ဒီရာသီမှာ ရနိုင်သမျှ အောင်မြင်မှုတွေကို ရယူနိုင်ဖို့ လိုအပ်ပါတယ်” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်က အက်ဖ်အေဖလား ၆၄သင်း ရှုံးထွက်အဆင့်မှာ ဝီဂန်နဲ့ ထိပ်တိုက် တွေ့ဆုံနေတာကြောင့် နောက်တဆင့်ဆီ အလွယ်တကူ တက်ရောက်နိုင်ဖွယ် ရှိနေပြီး ဝီဂန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်ကို ဇန်နဝါရီလ ၉ရက်နေ့မှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။