ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ဗဟိုနောက်ခံလူ နှစ်ဦး ဖြစ်သူ လင်ဒီလော့ဖ်နဲ့ မာတီနက်ဇ်တို့က  ကြွက်သားဒဏ်ရာတွေ အသီးသီး ရရှိထားတာကြောင့် ၁လကျော် အနားယူရတော့မယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ဗဟိုခံစစ်မှူး မာတီနက်ဇ်က အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက ဗဟိုနောက်ခံလူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ဒဏ်ရာတွေကြောင့် ကြံ့ခိုင်မှု ပြည့်ဝဖို့ ရုန်းကန်နေရသူပါ။

Photo Credit: Standard

မာတီနက်ဇ်က ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၁၁ပွဲသာ ပါဝင် ကစားပေးထားနိုင်ပြီး သူက ဘရန့်ဖို့ဒ်နဲ့ပွဲကို ဝင်မကစားခင်မှာလည်း ဒူးဒဏ်ရာကြောင့် ၂လနီးပါး အနားယူခဲ့ရသူ ဖြစ်ပါတယ်။

တဖက်မှာတော့ အသက် ၂၉နှစ် အရွယ် ဆွီဒင်လက်ရွေးစင် ဗဟိုနောက်ခံလူ လင်ဒီလော့ဖ်က ယခုနှစ် ဘောလုံးရာသီမှာ မာတီနက်ဇ်နဲ့ ဗာရန်းတို့ မကြာခဏ ဒဏ်ရာရနေမှုကြောင့် ပွဲထွက်ခွင့်တွေ ဆက်တိုက် ရရှိနေသူ ဖြစ်ပြီး သူက ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၂၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ကြိမ် ရရှိခဲ့ပါတယ်။

လင်ဒီလော့ဖ်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရန့်ဖို့ဒ် ၁-၁ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ ပွဲကစားနေရင်းနဲ့ ကြွက်သားဒဏ်ရာ ရရှိခဲ့တာကြောင့် ပွဲချိန် ၆၉မိနစ်မှာ မာတီနက်ဇ်နဲ့ လူစားလဲခဲ့ရပြီး မာတီနက်ဇ်ကတော့ ယူနိုက်တက်ရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ အတွင်းမှာ ခြေသလုံးကြွက်သားဒဏ်ရာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: BBC

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မာတီနက်ဇ်နဲ့ လင်ဒီလော့ဖ်တို့ဟာ ရရှိထားတဲ့ ကြွက်သားဒဏ်ရာတွေကြောင့် အနည်းဆုံး ၁လ အနားယူရတော့မှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့နှစ်ဦးကို ရာသီမကုန်ခင်မှာ ပြန်လည် အသုံးပြုနိုင်ဖို့ မျှော်မှန်းထားကြောင်း သိရှိရပါတယ်။

မာတီနက်ဇ်နဲ့ လင်ဒီလော့ဖ်တို့က ကြွက်သားဒဏ်ရာ ရရှိနေသလို နောက်ထပ် ဗဟိုခံစစ်မှူး တဦး ဖြစ်သူ ဗာရန်းကလည်း ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က လာမယ့်ပွဲတွေမှာ လက်ကျန်ခံစစ်မှူး မက်ဂွိုင်းယားနဲ့ လူငယ်ခံစစ်မှူး ကမ်ဘွာလာတို့ အတွဲကို ထုတ်သုံးလာဖွယ် ရှိပါတယ်။