မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အာဂျင်တီးနား နောက်ခံကစားသမား လီဆန်ဒရို မာတီနက်ဇ်ဟာ မတ် (၃၀)ရက်နေ့ ဘရန့်ဖို့ဒ်အသင်းနဲ့ ရင်ဆိုင်သွားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာပဲ ယူနိုက်တက်အသင်းအတွက် ပြန်လည် ကစားပေးနိုင်ဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

အသက် (၂၆)နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် ဗဟိုခံစစ်ကစားသမား မာတီနက်ဇ်ဟာ ယူနိုက်တက်ခံစစ်မှာ ဗာရန်းနဲ့ တွဲဖက်ပြီး အကောင်းဆုံး ခံစစ်စွမ်းဆောင်ရည်တွေ ပြသထားနိုင်ပေမယ့် ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းကနေ စတင်ကာ ခြေထောက်ဒဏ်ရာ ရရှိခဲ့ရင်း ကာလအတန်ကြာ အနားယူခဲ့ရပါတယ်။

Photo Credit : Man Utd News

မာတီနက်ဇ်ဟာ ဒီနှစ် ဘောလုံးရာသီထဲမှာလည်း ခြေထောက်ဒဏ်ရာ ဒူးဒဏ်ရာတွေကြောင့် ယူနိုက်တက်အသင်းရဲ့ ပွဲစဉ်အများစုကို လွဲချော်ထားခဲ့ရပြီး ယူနိုက်တက်အနေနဲ့ ခံစစ်မှာ မက်ဂွိုင်းယား ဗာရန်း အီဗန်စ်တို့အပြင် ကမ်ဘွာလာလို လူငယ် ခံစစ်ကစားသမားတွေပါ အသုံးပြုရတဲ့အထိ ခံစစ် options အတွက် ခေါင်းစားခဲ့ရပါတယ်။

လက်ရှိမှာတော့ မာတီနက်ဇ်ရဲ့ ဒဏ်ရာ အခြေအနေက ပြန်လည် သက်သာခါစပြုနေပြီဖြစ်လို့ လေ့ကျင့်ခန်းပါ ပြန်ဆင်းနေပြီ ဖြစ်သလို ယူနိုက်တက်အသင်းကလည်း မာတီနက်ဇ်ကို အခု International Break ကာလအတွင်း အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ သွားရောက် ပူးပေါင်းဖို့ ခွင့်ပြုပေးခဲ့ပါတယ်။

Photo Credit : Eurosport

ဒါပေမယ့် ယူနိုက်တက်ဘက်ကတော့ အာဂျင်တီးနားအနေနဲ့ သူတို့ကစားသမားကို အယ်လ်ဆာဗေဒိုးနဲ့ ကော်စတာရီကာတို့နဲ့ ပွဲစဉ်တွေထဲမှာ ထည့်သွင်း အသုံးပြုတာမျိုး မလုပ်ဆောင်စေချင်ပဲ မိနစ်အနည်းငယ်လောက်သာ ထည့်သွင်းတာမျိုးလောက်သာ လုပ်စေချင်နေပါတယ်။

ဒါ့အပြင် ယူနိုက်တက်က လာမယ့် မတ် (၃၀)ရက်နေ့ ဘရန့်ဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း မာတီနက်ဇ် ပြန်လည် ကစားနိုင်ဖို့အတွက် မျှော်လင့်ထားလျက် ရှိနေတယ်လို့ ESPN သတင်းမီဒီယာရဲ့ မန်ချက်စတာ အသင်းနှစ်သင်းအကြောင်းကို အဓိက ဖော်ပြသူ ရော့ဘ်ဒေါ့ဆင်က ဖော်ပြသွားခဲ့ပါတယ်။