မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဗဟို နောက်ခံကစားသမား လီဆန်ဒရို မာတီနက်ဇ်က ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန် မနက်ဖြန် အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်ကိုပါ ပါဝင်ကစားသွားဖို့အတွက် အလွန် စိတ်အားထက်သန်နေတယ်လို့ နည်းပြ အဲရစ် တန်ဟက်ဂ်က ပြောဆိုသွားခဲ့ပါတယ်။

အာဂျင်တီးနား လက်ရွေးစင် နောက်ခံကစားသမား မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီကမှ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့ပြီး ယူနိုက်တက်ခံစစ်မှာ ဗာရန်းနဲ့ တွဲဖက်ရင်း အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း ရာသီကုန်ခါနီးလောက်မှာ ခြေဖဝါးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူခဲ့ရပါတယ်။

Photo Credit : Eurosport

ဒီရာသီထဲမှာ မာတီနက်ဇ်က ခြေထောက်ဒဏ်ရာ ၊ ဒူးဒဏ်ရာနဲ့ ခြေသလုံးဒဏ်ရာတွေပါ ထပ်မံ ရရှိရင်း ယူနိုက်တက်အသင်းရဲ့ ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း (၃၆)ပွဲလောက်အထိတောင် လွဲချော်ခဲ့ရပြီး အခုမှသာ ဒဏ်ရာကနေ သက်သာလာလို့ အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေရတာပဲ ဖြစ်ပါတယ်။

လက်ရှိ ယူနိုက်တက်အသင်းမှာလည်း ဒဏ်ရာရ ကစားသမား အရေအတွက်က အလွန်များပြားလွန်းနေပြီး ခံစစ်ပိုင်းမှာဆိုရင်လည်း ဗာရန်း မက်ဂွိုင်းယား လုခ်ရှော မာလာစီယာ လင်ဒီလော့ဖ် ကမ်ဘွာလာတို့အားလုံး ဒဏ်ရာရရှိနေတာကြောင့် ဗဟိုခံစစ်နေရာမှာ ဂျွန်နီ အီဗန်စ် တစ်ဦးတည်းသာ fit ဖြစ်နေတာမို့ ကွင်းလယ်ခံစစ် ကစားသမား ကက်စီမဲရိုးကိုပါ ခံစစ်မှာပါ အသုံးပြုနေရပါတယ်။

Photo Credit : Lisandro Martinez’s X

ဒီလိုု အခြေအနေကြောင့် မာတီနက်ဇ်ဟာ ဒဏ်ရာကနေ သက်သာခါစမှာပဲ အသင်းအတွက် ပါဝင်ကစားပေးချင်နေတယ်လို့ တန်ဟက်ဂ်က ပြောဆိုလာပါတယ်။ “မနေ့တုန်းက လီချာ ကျွန်တော့်ဆီ ရောက်လာပြီး အာဆင်နယ်နဲ့ ကစားရမယ့် ပွဲစဉ်မှာပါ သူ ပါဝင်သွားချင်တယ်ဆိုတာကို လာပြောသွားတယ်။ ဒါပေမယ့် သူက ဒီပွဲအတွက် အဆင်သင့် ဖြစ်မနေသေးပါဘူး။”

“သူ ပွဲပြန်ကစားဖို့အတွက် အချိန်နည်းနည်းတော့ လိုပါလိမ့်မယ်။ အဲ့ဒီအတွက် သူ အရမ်းစိတ်ပျက်နေရတယ်။ ကျွန်တော်ကတော့ ကစားသမားတစ်ဦးရဲ့ ကြံခိုင်မှုနဲ့ ပတ်သက်ပြီး ဘယ်တော့မှ အရဲမစွန့်တက်ပါဘူး။ ကစားသမားတွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဒါက အရေးကြီးပါတယ်။” လို့ တန်ဟက်ဂ်က ပြောဆိုသွားခဲ့ပါတယ်။