မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အာဂျင်တီးနား ခံစစ်ကစားသမား လီဆန်ဒရို မာတီနက်ဇ်က လက်ရှိမှာ ဒဏ်ရာ ပြသာနာကြောင့် အနားယူနေရပေမယ့်လည်း မကြာခင်မှာတော့ ဘောလုံးပြန်ကစားနိုင်တော့မှာ ဖြစ်တယ်လို့ အသိပေးသွားခဲ့ပါတယ်။

အသက် (၂၅)နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် ခံစစ်မှူး မာတီနက်ဇ်က ခြေထောက် ဒဏ်ရာ ရရှိနေတာကြောင့် ဒီရာသီထဲ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၆)ပွဲသာ ကစားခဲ့ရပြီး လက်ကျန်ပွဲအားလုံး လွဲချော်ထားခဲ့ရပါတယ်။

Photo Credit : Goal

မနှစ်က ဘောလုံးရာသီမှ အေဂျက်စ်ကနေ ယူနိုက်တက်ဆီ ရောက်ရှိလာခဲ့တဲ့ မာတီနက်ဇ်ဟာ သူရဲ့ ယူနိုက်တက် ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာပဲ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသခဲ့ရင်း အသင်းနဲ့ လိဂ်ဖလားကို ဆွတ်ခူးခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ရယူပေးနိုင်ခဲ့ပါတယ်။

ပုံမှန် ခံစစ်ကစားသမားတွေလို အရပ်အမောင်း မြင့်မားခြင်း မရှိပေမယ့် အကြောက်အလန့်မရှိ တွန်းတွန်းတိုက်တိုက် ကစားတက်တဲ့ ကစားဟန်တွေကြောင့် မာတီနက်ဇ်ကို ယူနိုက်တက် ပရိသတ်တွေက သဘောကျနေကြပြီး ဒဏ်ရာကနေ အမြန်ဆုံး သက်သာလာဖို့လည်း မျှော်လင့်နေကြပါတယ်။

Photo Credit : Eurosport

မာတီနက်ဇ်ကိုယ်တိုင်ကလည်း သူရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး “ရိုးရိုးသားသား ပြောရရင် ကျွန်တော်ရဲ့ အခြေအနေက တကယ်ကို ကောင်းမွန်နေပါတယ်။ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကလည်း တကယ့်ကို အံ့မခန်းပါပဲ။ နည်းနည်းလောက် စိတ်ရှည်ဖို့သာ လိုပါတော့တယ်။”

“အခုက ကျွန်တော် လိုချင်တဲ့ ပုံစံအတိုင်းပဲ ဆက်သွားနေတယ်။ သန်မာနေတယ်လို့လည်း ခံစားမိရတယ်။ ကျွန်တော် ဒီကလပ်အသင်းကို ချစ်မြတ်နိုးတယ်။ ဒီမန်ချက်စတာမြို့ကိုရောပဲ။ ဒီနေရာမှာ ရှိနေခွင့်ရနေတဲ့အပေါ် နေ့ရက်တိုင်း ကျေးဇူးတင်နေမိတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။