အက်စတွန် ဗီလာအသင်းရဲ့ အာဂျင်တီးနား လက်ရွေးစင် ဂိုးသမား အယ်လ်မီယာနို မာတီနက်ဇ်က သူရဲ့လက်ရွေးစင် အသင်းဖော် လီယွန်နယ် မက်ဆီဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုလည်း ပါဝင်ဆင်နွဲသွားနိုင်လိမ့်မယ်လို့ ယုံကြည်နေမိကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

လက်ရှိ ဘောလုံးလောကရဲ့ GOAT တစ်ဦးဖြစ်တဲ့ မက်ဆီဟာ ၂၀၂၁ခုနှစ်ကမှ စတင်ပြီး အာဂျင်တီးနားအတွက် ဆုဖလား စတင် ရယူပေးနိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်က ကိုပါအမေရိကဖလားကို ရယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ မက်ဆီက အာဂျင်တီးနားနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလား ၊ ၂၀၂၂ ယူရို-ကိုပါဖလားနဲ့ ၂၀၂၄ ကိုပါအမေရိကဖလားတွေကိုပါ ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Photo Credit : Euro Sport

ကစားသမားဘဝတစ်လျှောက် အသင်းလိုက် ဆုဖလားတွေ တစ်ဦးချင်း ဆုတံဆိပ်တွေ အမြောက်အများ ပိုင်ဆိုင်ထားခဲ့တဲ့ မက်ဆီဟာ လက်ရှိမှာတော့ အသက် (၃၇)နှစ်အရွယ်ကို ရောက်ရှိနေပြီ ဖြစ်ပေမယ့်လည်း လက်ရွေးစင် ကစားသမားဘဝကနေ အနားယူခြင်း မရှိသေးသလို လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ပါဝင်ကစားသွားပေးဖွယ်လည်း ရှိနေပြန်ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားကိုတော့ အမေရိကန် မက္ကဆီကို ကနေဒါ (၃)နိုင်ငံက ပူးတွဲ ကျင်းပသွားမှာဖြစ်ပြီး မက်ဆီကလည်း ကမ္ဘာ့ဖလား ကျင်းပမယ့် အမေရိကန်နိုင်ငံရဲ့ ကလပ်အသင်း အင်တာ မိုင်ယာမီမှာ ပါဝင်ကစားနေရင်း ကစားသမားဘဝရဲ့ (၆)ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ဆင်နွဲသွားဖို့ပါ ရှိနေပြန်ပါတယ်။ တကယ်လို့ မက်ဆီသာ ၂၀၂၆ ကမ္ဘာ့ဖလားကို ပါဝင်ဖြစ်မယ်ဆိုရင် သူ့အသက်က (၃၉)နှစ်တောင် ရှိနေမှာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

ဒါနဲ့ ပတ်သက်ပြီး မက်ဆီ အသင်းဖော် ဂိုးသမား မာတီနက်ဇ်က “မက်ဆီအနေနဲ့ တစ်နှစ်ပြီးတစ်နှစ်ကို ဖြတ်သန်းပြီးတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအတွက် သူ ပါဝင်နိုင်ဖို့ အဆင်ပြေနိုင်မလား ဆိုတာကို ခံစားကြည့်မိမယ် ထင်ပါတယ်။ ကျွန်တော့် တစ်ဦးတည်းအမြင်ကတော့ မက်ဆီက ကမ္ဘာ့ဖလားကို ဆက်ပြီး ယှဉ်ပြိုင်နိုင်တဲ့ အင်အားတွေ ရှိနေတယ်လို့ ထင်နေတုန်းပါပဲ။” လို့ ပြောဆိုလိုက်ပါတယ်။

မက်ဆီက အာဂျင်တီးနားနဲ့အတူ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲကို ဆင်နွဲပြီး ချန်ပီယံလည်း ဖြစ်ခဲ့ရပေမယ့် ကိုလံဘီယာနဲ့ ရင်ဆိုင်ခဲ့တဲ့ ဖိုင်နယ်ပွဲစဉ်မှာပဲ ဒဏ်ရာရရှိသွားခဲ့လို့ အခုထိ အင်တာ မိုင်ယာမီရဲ့ ပွဲစဉ်တွေကိုပါ လွဲချော်ထားရသလို အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကိုလည်း လွဲချော်ရတော့မှာပဲ ဖြစ်ပါတယ်။