ကီလီယန် အမ်ဘာပေက လာမယ့်နှစ်တွေမှာ ဘာလွန်းဒေါဆုတွေကို အကြိမ်ရေ များစွာ ဆွတ်ခူးသွားနိုင်လိမ့်မယ်လို့ အာဂျင်တီးနား လက်ရွေးစင် ဂိုးသမား အယ်လ်မီ မာတီနက်ဇ်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ဂိုးသမား မာတီနက်ဇ် နဲ့ ပြင်သစ် တိုက်စစ်မှူး ဘာပေတို့ဟာ ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ဖလား ဖိုင်နယ်မှာ ထိပ်တိုက် တွေ့ဆုံကြခဲ့ဖူးပြီး မာတီနက်ဇ်ရဲ့ ဂိုးပေါက်ထဲကို ဘာပေက ဟက်ထရစ် သွင်းယူနိုင်ခဲ့ပေမယ့် မာတီနက်ဇ်က မူအာနီရဲ့ ဂိုးကန်ချက် အပါအဝင် ပင်နယ်တီမှာပါ လက်စွမ်းပြခဲ့ရင်းနဲ့ အာဂျင်တီးနားက ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Sportskeeda

မာတီနက်ဇ်က ပြင်သစ်ကို အနိုင်ရပြီး ကမ္ဘာ့ချန်ပီယံ ဖြစ်လာချိန်မှာ ဘာပေကို အကြိမ်ကြိမ် လှောင်ပြောင်မှုတွေ လုပ်ဆောင်ခဲ့ပြီး နိုင်ငံအတွင်း လှည့်ပတ် အောင်ပွဲခံရာမှာလည်း ဘာပေ မျက်နှာပုံ ကပ်ထားတဲ့ ကလေးအရုပ်လေးကိုပါ ကိုင်ဆောင်ထားခဲ့ပါသေးတယ်။

ဒါပေမယ့် မာတီနက်ဇ်က သူရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ဘာပေအပေါ် တောင်းပန်စကား ဆိုထားခဲ့ဖူးသလို အခုလည်း ဘာပေက လာမယ့်နှစ်တွေအတွင်းမှာ ဘောလုံးလောကရဲ့ အအောင်မြင်ဆုံး ကစားသမားပါ ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပြုလာခဲ့ပြန်ပါတယ်။

Photo Credit : SportsTiger

“ကျွန်တော်က ကီလီယန်ကို ကစားသမားတစ်ဦးအနေနဲ့ရော လူသားတစ်ဦးအနေနဲ့ပါ အများကြီး လေးစားပါတယ်။ သူက ထူးခြားဆန်းပြားပါတယ်။ ကမ္ဘာ့ဖလား ရထားဖူးတယ်။ ကမ္ဘာ့ဖလားဖိုင်နယ်မှာလည်း ဟက်ထရစ် သွင်းယူထားနိုင်ဖူးတယ်။”

“ပြင်သစ်အသင်းမှာ ကီလီယန်လို ကစားသမားမျိုး ရှိနေတာကို ပြင်သစ်နိုင်ငံသားတွေ အားလုံးက ဂုဏ်ယူသင့်တယ်။ လီယို နဲ့ ခရစ္စတီယာနိုတို့သာ ဘောလုံးလောကကနေ အနားယူသွားမယ်ဆိုရင်တော့ ကီလီယန်က ဒီကစားသမားတွေ လျှောက်ခဲ့တဲ့ လမ်းကြောင်းအတိုင်း လိုက်သွားနိုင်လိမ့်မယ်။ ဘာလွန်းဒေါဆုတွေကိုလည်း များကြီး ရယူနိုင်ပါလိမ့်မယ်။” လို့ မာတီနက်ဇ်က သုံးသပ် ပြောဆိုခဲ့ပါတယ်။