ဘာစီလိုနာအသင်းက လာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ကစားသမားစာရင်းထဲ အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ် ကြယ်ပွင့် တောင်ပံကစားသမား ဂါဘရီရယ်လ် မာတင်နယ်လီပါ ပါဝင်နေတယ်လို့ Mundo Deportivo ကနေ ဖော်ပြလာခဲ့ပါတယ်။

ဘာစီလိုနာက လာမယ့်နွေမှာ အသင်းက ထိပ်သီး ကစားသမားတချို့ကို ရောင်းထုတ်သွားဖို့ ပြင်ဆင်နေပြီး ဒီကစားသမားနေရာမှာလည်း ကစားသမားသစ်တွေ ထပ်မံ ဖြည့်တင်းသွားဖို့ပါ စီစဉ်လျက် ရှိနေပါတယ်။

Photo Credit : Managing Barca

စပိန် နာမည်ကြီး သတင်းမီဒီယာ Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ အာဆင်နယ်ရဲ့ မာတင်နယ်လီ အဲဗာတန်ရဲ့ အိုနာနာ ဘရိုက်တန်ရဲ့ မိတိုမာ နာပိုလီရဲ့ ခွာရတ်စကယ်လီယာနဲ့ ဂျီရိုနာရဲ့ အဲလက်စ် ဂါဆီယာတို့ကို ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သိရပါတယ်။

ဒီပစ်မှတ် ကစားသမား (၅)ဦးလုံးကိုတော့ ဘာစီလိုနာဘက်က ခေါ်ယူနိုင်မှာ မဟုတ်ပေမယ့်လည်း ကစားသမား (၂)ဦးခန့်လောက်အထိ ခေါ်ယူသွားနိုင်သလို အသင်းဥက္ကဌ ဟိုဟန် လာပေါ်တာကိုယ်တိုင်ကလည်း သူ့အသင်းအတွက် mega signings တွေကိုပါ လုပ်ဆောင်ဖို့ပါ ရှိနေပါတယ်။

Photo Credit : Managing Barca

ဘာစီလိုနာက လက်ရှိမှာ ဘဏ္ဍာရေး အကျပ်အတည်းတွေ ရှိနေပေမယ့်လည်း ဘာစီလိုနာဆိုတာက ဘောလုံးသမားတိုင်းလိုလို ပါဝင်ကစားချင်တဲ့ ကလပ်အသင်းကြီး ဖြစ်နေတာမို့ သူတို့ဘက်က သေချာလေး ကမ်းလှမ်းလာမယ်ဆိုရင် လက်ခံ စဉ်းစားဖွယ်လည်း ရှိနေပါတယ်။

အခု သူတို့ပစ်မှတ်ထဲမှာ အပါအဝင် ဖြစ်နေတဲ့ မာတင်နယ်လီဟာလည်း အာဆင်နယ်အသင်းရဲ့ အရေးကြီး ကစားသမား ဖြစ်နေပြီး အာဆင်နယ်နဲ့လည်း ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေတယ် ဆိုပေမယ့် ဘာစီလိုနာရဲ့ ကမ်းလှမ်းချက်က ခိုင်မာတဲ့ ကမ်းလှမ်းမှုသာ ဖြစ်မယ်ဆိုရင် ဒါက မာတင်နယ်လီအတွက်လည်း စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။