ဒီနွေမှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး အသင်းလက်မဲ့ ဖြစ်သွားခဲ့ရတဲ့ ပြင်သစ် တိုက်စစ်ကစားသမား အန်တိုနီ မာရှယ်ကို ဂရိကလပ်အသင်း တစ်သင်းဖြစ်တဲ့ AEK အေသင်က သူတို့အသင်း သမိုင်းတစ်လျှောက် ကြီးမားတဲ့ စာချုပ်ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းထားတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

အသက် (၂၈)နှစ်အရွယ် ပြင်သစ် လက်ရွေးစင်ဟောင်း မာရှယ်ဟာ ၂၀၁၅ခုနှစ်ကမှ မိုနာကိုကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး သူ့ကို သီယာရီ အွန်နရီ လက်သစ်လို့ တင်စားမှုတွေ လုပ်ခဲ့ကြပေမယ့် မာရှယ်က ထင်ထားသလို ဖြစ်မလာခဲ့ပဲ ခြေစွမ်းပိုင်း မတည်ငြိမ်မှုတွေနဲ့ ဒဏ်ရာတွေကြောင့် နောက်ဆုံးမှာတော့ ယူနိုက်တက်နဲ့ အပြီးသတ် လမ်းခွဲခဲ့ရပါတယ်။

Photo Credit : United in Focus

လိုင်ယွန် အကယ်ဒမီထွက် တိုက်စစ်ကစားသမား မာရှယ်က ယူနိုက်တက်အသင်းနဲ့အတူ ဆယ်စုနှစ် တစ်ခုနီးပါးအထိ ကျင်လည်ခဲ့ပြီး သွင်းဂိုး (၉၀)အထိ သွင်းယူနိုင်ခဲ့ပေမယ့် လက်ရှိမှာ free agent player တစ်ဦး ဖြစ်နေသလို ဈေးကွက်အတွင်းမှာလည်း ဘယ်အသင်းရဲ့ ကမ်းလှမ်းမှု မရပဲ ဖြစ်နေခဲ့ရပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ဂရိကလပ် AEK အေသင်အသင်းက ကလပ်အသင်းလက်မဲ့ ဖြစ်နေတဲ့ ယူနိုက်တက် ကစားသမားဟောင်း မာရှယ်အတွက် ကြီးကြီးမားမား ကမ်းလှမ်းမှုတစ်ရပ် လုပ်ဆောင်ထားတယ်လို့ ဂရိ သတင်းမီဒီယာ SPORT24 ကနေ သတင်းထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : Sky Sports

AEK အေသင်အသင်းကတော့ ဒီနွေဈေးကွက်အတွင်းမှာ စပါးနဲ့ ဆီဗီလာ တောင်ပံကစားသမားဟောင်း အဲရစ် လာမယ်လာ အပါအဝင် ဘရန့်ဖို့ဒ် ဂိုးသမားဟောင်း သောမတ်စ် စတာကိုရှာနဲ့ အူဒီးနီးစ် ကွင်းလယ်လူဟောင်း ရောဘတ်တို ပယ်ရဲလ်ယားတို့ အားလုံးကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားခဲ့ပါတယ်။

အခုလည်း AEK အေသင်အသင်းဟာ မာရှယ်ကိုပါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ ထပ်မံ ပြင်ဆင်လာခဲ့ပြီး မြင့်မားတဲ့ စာချုပ်ကမ်းလှမ်းမှုတစ်ရပ်နဲ့ ကမ်းလှမ်းသွားဖို့ပါ စီစဉ်နေပါတယ်။ ဒါ့အပြင် ဂရိ အမှတ်ပေးလိဂ်ရဲ့ နွေဈေးကွက်က ဒီလ (၁၁)ရက်နေ့အထိ ဖွင့်လှစ်ထားသေးတာ ဖြစ်သလို AEK အေသင်ကလည်း မာရှယ်ကို မခေါ်နိုင်ရင် ချယ်လ်ဆီး တိုက်စစ်မှူး ဒေးဗစ် ဒါထရို ဖိုဖားနားကိုပါ ချိန်ရွယ်ထားနေပါတယ်။