ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ အန်သိုနီ မာရှယ်ဟာ လီဗာပူးနဲ့ပွဲမှာ ဝင်ရောက် ကစားရာကနေ ခြေဖနောင့်ဒဏ်ရာ ရခဲ့တာကြောင့် မနက်ဖြန်မှာ ယှဉ်ပြိုင် ကစားရမယ့် ဆောက်သမ်တန်နဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပွဲစဉ်ကို လွဲချော်ရတော့မယ်လို့ သိရပါတယ်။

အသက် ၂၆နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူး အန်သိုနီ မာရှယ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ မသေချာတာကြောင့် မန်ချက်စတာ ယူနိုက်တက်ကနေ ဆီဗီးလားထံ အငှားနဲ့ ထွက်ကစားခဲ့ရပေမယ့် နည်းပြသစ် အဲရစ် တန်ဟက်ဂ်ရဲ့ လက်အောက်မှာတော့ ယူနိုက်တက်ရဲ့ နံပါတ်တစ် တိုက်စစ်မှူး နေရာကို ရရှိထားသူ ဖြစ်ပါတယ်။

Photo Credit: Sky Sports

အန်သိုနီ မာရှယ်က မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ရာသီကြို ခြေစမ်းပွဲတွေမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသထားနိုင်သလို သူ့ရဲ့ ရာသီအဖွင့်ပွဲ အဖြစ် မန်ချက်စတာ ယူနိုက်တက် ၂-၁ လီဗာပူး ပွဲစဉ်မှာ အသင်းအတွက် ဝင်ရောက် ကစားခွင့် ရခဲ့ချိန်မှာလည်း ဂိုးဖန်တီးမှု ၁ကြိမ် ရယူနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ အန်သိုနီ မာရှယ်က မနက်ဖြန်မှာ ကစားရမယ့် ဆောက်သမ်တန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်ခွင့် ရဖို့ ရှိနေပေမယ့် ကံမကောင်း အကြောင်းမလှစွာပဲ ခြေဖနောင့်ဒဏ်ရာ ရရှိသွားခဲ့တာပါ။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက်ရဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဆန်မြူရယ် လက်ဂ်ဟက်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က မာရှယ်ဟာ ခြေဖနောင့်ဒဏ်ရာကြောင့် ဆောက်သမ်တန်နဲ့ပွဲကို လွဲချော်ရမယ့် အကြောင်းကို အတည်ပြုပေးခဲ့ကြောင်း သိရှိရပါတယ်။