ပြင်သစ် လီဂူးဝမ်းကလပ် မာဆေးလ်အသင်းဟာ အခု ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပြင်သစ် တိုက်စစ်မှူး အန်တိုနီ မာရှယ်ကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားလာခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဆောင်းဈေးကွက်ထဲ မန်ယူနိုက်တက်အသင်းကနေ ရောင်းထုတ်သွားနိုင်တဲ့ ကစားသမားစာရင်းထဲမှာ မာရှယ်ပါ အပါအဝင် ဖြစ်နေပေမယ့် ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်ကတော့ ကစားသမား လိုအပ်ချက်အရ မာရှယ်ကို ရာသီကုန်အထိ အသင်းမှာ ဆက်လက် ထားရှိသွားချင်နေပါတယ်။

Photo Credit : Goal

အသက် (၂၈)နှစ်အရွယ် မိုနာကို ကစားသမားဟောင်းဟာ ၂၀၁၅ခုနှစ်ကတည်းက ယူနိုက်တက်အသင်းဆီ ရောက်ရှိနေတာ ဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ အသင်းမှာ အနာဂတ် မရေရာတော့တဲ့ ကစားသမားတွေထဲ ပါဝင်လို့နေပြီဖြစ်ပြီး အသင်းဘက်ကလည်း သူ့ကို အမြန်ဆုံး ရှင်းထုတ်သွားချင်နေပါတယ်။

ဒီရာသီမှာလည်း မာရှယ်က အသင်းအတွက် ပြိုင်ပွဲစုံ (၁၉)ပွဲ ကစားထားပြီး (၂)ဂိုးသာ သွင်းယူးပေးထားနိုင်ခဲ့သလို အမြဲလိုလို ဒဏ်ရာတွေရလိုက် ပုံမှန်ခြေစွမ်းအောက် ရောက်လိုက် ဖြစ်နေတာမို့ အသင်းပရိသတ်တွေက မာရှယ်ကို အတော်လေး စိတ်ပျက်နေကြပါတယ်။

Photo Credit : ESPN

ဒီလို အခြေအနေတွေ ရှိနေတဲ့ မာရှယ်ကို ပြင်သစ် လီဂူးကလပ် မာဆေးလ်က ဆောင်းဈေးကွက်ထဲမှာပဲ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖို့ ချိန်ရွယ်လာခဲ့ပါတယ်။ မာရှယ်က လီဂူးကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့အပြင် လိုင်ယွန် မိုနာကိုတို့နဲ့အတူ လီဂူးမှာ ကျင်လည်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

မာရှယ်က ဒီရာသီအကုန်မှာ ယူနိုက်တက်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းပါ ကုန်ဆုံးတော့မှာဖြစ်ပြီး တစ်နှစ် ထပ်တိုးခွင့်ကိုလည်း ထပ်တိုးဖို့ မရှိတော့တာကြောင့် မာဆေးလ်ဘက်က မာရှယ်ကို cut-price တန်ကြေးနဲ့ပါ ကမ်းလှမ်းသွားနိုင်ပြီး ယူနိုက်တက်သာ ရောင်းချမယ်ဆိုရင် ယူရို (၁၀)သန်းလောက်နဲ့ပါ အပြောင်းအရွှေ့ ဖြစ်ပေါ်သွားနိုင်ပါတယ်။