ပြင်သစ် လီဂူးဝမ်း နာမည်ကြီးကလပ် မာဆေးလ်ကတော့ ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်ကြတဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပစ်မှတ်ထား စောင့်ကြည့်ခြင်းကို ခံနေရတဲ့ လန်းစ် ညာနောက်ခံလူ ကလော့စ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၉နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ညာနောက်ခံလူ ကလော့စ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လန်းစ်နဲ့အတူ အတော်လေး တောက်ပခဲ့တဲ့ ကစားသမား တဦး ဖြစ်ပြီး လန်းစ်အတွက် လီဂူးဝမ်းပြိုင်ပွဲမှာ ၃၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၁ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: GFFN

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ကလော့စ်က ပြင်သစ် လက်ရွေးစင်အသင်း အတွက် ရွေးချယ်ခြင်း ခံထားရသလို ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ပြင်သစ် လီဂူးဝမ်း နာမည်ကြီးကလပ် မာဆေးလ်က ကလော့စ်ကို ခေါ်ယူဖို့ အရှိန်မြှင့်ကာ ကြိုးပမ်းလာပြီး မာဆေးလ်က လန်းစ်နဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကလော့စ်ကို ယူရို ၁၁သန်းနဲ့ ကမ်းလှမ်းခဲ့ကာ လန်းစ်ဘက်ကလည်း မာဆေးလ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ကြောင်း ချယ်လ်ဆီးနဲ့ နီးစပ်တဲ့ သတင်းထောက် ကန်ဆယ်လာက ဆိုပါတယ်။

Photo Credit: GFFN

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုကလည်း မာဆေးလ်ဟာ ကလော့စ် အတွက် တရားဝင် ကမ်းလှမ်းမှု လုပ်ခဲ့သလို လန်းစ်ဘက်က မာဆေးလ်ရဲ့ ယူရို ၁၁သန်းတန် ကမ်းလှမ်းမှုကို လက်ခံလိုက်ကြောင်း ထပ်ဆင့် အတည်ပြုပေးထားသလို မာဆေးလ်က ကလော့စ်နဲ့ စာချုပ်သစ်ကိစ္စ ဆက်လက် ဆွေးနွေးနေကြောင်း ဖော်ပြထားပါတယ်။