ပီအက်စ်ဂျီအသင်းရဲ့ အသင်းခေါင်းဆောင်နဲ့ နောက်ခံကစားသမား မာကွင်ဟိုစ့်က FIFA ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့တာဟာ သူတို့ရဲ့ ထူးခြားတဲ့ ရာသီရဲ့ အံ့မခန်းအောင်မြင်မှုတွေကို လျော့ပါးသွားစေမှာမဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အထင်ကြီးစရာ ခြေစွမ်းပြခဲ့ပေမဲ့လည်း ပီအက်စ်ဂျီဟာ MetLife အားကစားကွင်းမှာ အပြိုင်အဆိုင် ကစားခဲ့တဲ့ ဗိုလ်လုပွဲထဲ ပရီးမီးယားလိဂ်အသင်း ချယ်လ်ဆီးကို (၃)ဂိုးပြတ်နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။ ရွှေဘောလုံးဆုရှင် ကိုးလ် ပါမာရဲ့ ပထမပိုင်းမှာသွင်းယူခဲ့တဲ့ ဂိုး(၂)ဂိုးနဲ့ ဂျာအို ပက်ဒရိုရဲ့ ဂိုးတို့က လန်ဒန်အခြေစိုက် ချယ်လ်ဆီးအသင်းအတွက် သမိုင်းဝင် နိုင်ပွဲကို ဖန်တီးပေးခဲ့ပါတယ်။

Photo Credit : Goal

သို့သော်လည်း ဘရာဇီးလ်သား မာကွင်ဟိုစ့်က ဒီရှုံးနိမ့်မှုကို သိပ်အလေးအနက်မထားဘဲ ဒီရှုံးနိမ့်မှုကြောင့် သူတို့ရဲ့ ထူးချွန်တဲ့ ၂၀၂၄-၂၅ ရာသီကို ဖုံးကွယ်သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ပီအက်စ်ဂျီဟာ ဒီရာသီမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလား ပြင်သစ်ဖလားနဲ့ လီဂူးဝမ်းဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

မာကွင်ဟိုစ့်က မီဒီယာတွေကို “ဗိုလ်လုပွဲ ရှုံးနိမ့်တာက အမြဲတမ်း ခက်ခဲပါတယ်။ ဒါက ရှုံးလို့မဖြစ်တဲ့ တစ်ပွဲတည်းသော ပွဲစဉ်ပဲ။ ဒါပေမဲ့ ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ မယုံနိုင်စရာကောင်းတဲ့ ပြိုင်ပွဲတစ်ခု ကစားခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အင်အားကြီးအသင်းအချို့နဲ့ ကစားခဲ့ပြီး သူတို့ကို အနိုင်ရခဲ့တယ်။ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့တယ်။”

Photo Credit : Aletihad News Center

“ဒီအချက်အထိတော့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ဘူး။ ဒီနေ့မှာ ကျွန်တော်တို့ ပုံမှန်ခြေစွမ်းအောက် လုပ်နိုင်စွမ်းအောက်ကို ရောက်နေခဲ့တယ်။ ဒီခြေစွမ်းကို ကောင်းကောင်းပြန်သုံးသပ်ပြီး လာမယ့်ရာသီအတွက် ဘာတွေတိုးတက်အောင် လုပ်နိုင်မလဲဆိုတာ ကြည့်ရပါမယ်။”

“ဒါပေမဲ့ ကျွန်တော်တို့ မယုံနိုင်စရာကောင်းတဲ့ ရာသီတစ်ခုကိုလည်း ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရပါတယ်။ ပထမဆုံး ချန်ပီယံလိဂ်ဖလား ရရှိခဲ့တယ်။ ပြင်သစ်မှာလည်း နောက်ထပ် ဖလားတွေ ရခဲ့တယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲကို တကယ် အနိုင်ရချင်ခဲ့တာ။ ဒီလိုပြိုင်ပွဲမျိုးက လေးနှစ်တစ်ခါပဲ ကျင်းပတာ။ ကျွန်တော်တို့ မနိုင်ခဲ့ဘူး၊ ဒါပေမဲ့ ဒါက ကျွန်တော်တို့ရဲ့ ကျန်တဲ့ရာသီကို ဘာမှထိခိုက်စေမှာ မဟုတ်ပါဘူး။” လို့ လို့ ပြောကြားခဲ့ပါတယ်။