ချယ်လ်ဆီးအသင်းနည်းပြ အန်ဇို မာရက်စကာက သူရဲ့ ချယ်လ်ဆီးကစားသမားများဟာ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို ပါဝင်ကစားဖို့အတွက် ထိုက်တန်တဲ့ အရည်အသွေးကောင်းများ ရှိနေကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်မှာ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အနည်းငယ် ထိခိုက်ခဲ့ရပြီး လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ်(၂)ပွဲအထိ အကြိတ်အနယ် ဆက်လက် ရုန်းကန်သွားရဖို့ ရှိနေပါတယ်။ ဒီရှုံးပွဲက ချယ်လ်ဆီးအသင်းရဲ့ ပြိုင်ပွဲစုံ (၅)ပွဲဆက်တိုက် အနိုင်ရမှုကို အဆုံးသတ်စေခဲ့ပြီး မာရက်စကာရဲ့အသင်းကို အဆင့်(၅)နေရာမှာ ရပ်တည်သွားစေရပါတယ်။
Photo Credit : Evening Standard
ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိနိုင်မယ့် အဆင့်(၅)နေရာမှာ ရှိနေတဲ့ ချယ်လ်ဆီးဟာ အဆင့်(၆)က အက်စတွန် ဗီလာကို ဂိုးကွာခြားချက်နဲ့သာသာ အသာရရှိထားပြီး ချယ်လ်ဆီးကို အနိုင်ရထားတဲ့ နယူးကာဆယ်တော့ မန်စီးတီးကိုကျော်ဖြတ်ကာ အဆင့်(၃)နရာဆီ တက်လှမ်းသွားခဲ့ပါတယ်။ အဆင့်(၇)ထိ ရောက်နေတဲ့ နော်တင်ဟမ် ဖောရက်စ်မှာလည်း ချယ်လ်ဆီးကို တစ်မှတ်အကွာနဲ့ ဖိအားပေးလျက် ရှိပါတယ်။
ဒီနေ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲစဉ်မတိုင်ခင်မှာ နည်းပြ မာရက်စကာက “လုံးဝမှန်ပါတယ်။ ကိုးလ် ပါလ်မာ တစ်ယောက်တည်း ချန်ပီယံလိဂ်နဲ့ထိုက်တန်တဲ့ ကစားသမားမဟုတ်ပါဘူး။ ကျွန်တော့်အထင် မွိုက်ဆက်စ် ကိုင်စီဒိုဟာလည်း ချန်ပီယံလိဂ်နဲ့ထိုက်တန်တဲ့ ကစားသမားတစ်ယောက်ပါ။ အန်ဇို ဖာနန်ဒက်ဇ်ကလည်း ချန်ပီယံလိဂ်နဲ့ ထိုက်တန်ပါတယ်။ လီဗိုင်း ကိုးလ်ဝဲလ်ကလည်း ချန်ပီယံလိဂ်နဲ့ ထိုက်တန်ပါတယ်။”
Photo Credit : Sports Illustrated
“ဒါကြောင့်လည်း ကျွန်တော်တို့ ထိပ်ဆုံး(၅)သင်းထဲမှာ ရှိနေခဲ့တာဖြစ်ပြီး အဲ့ဒီနေရာမှာပဲ အဆုံးသတ်နိုင်ဖို့ ကြိုးစားသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ အရည်အသွေးအရ ချန်ပီယံလိဂ်ကစားဖို့ ထိုက်တန်တဲ့ ကစားသမားတွေ အများအပြား ရှိနေလို့ပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။ မာရက်စကာက ယခုရာသီမှာ အဝါကတ် အများဆုံး ပြသခံထားရပြီးနောက် နွေရာသီမှာ အသင်းရဲ့ စည်းကမ်းပိုင်းဆိုင်ရာပြဿနာကို ပြန်လည် သုံးသပ်မယ်လို့လည်း ကတိပြု ပြောကြားခဲ့ပါတယ်။
“နယူးကာဆယ်နဲ့ပွဲက ဒီရာသီမှာ ကျွန်တော်တို့ရဲ့ ပထမဆုံး အနီကတ် ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ပြင်းထန်ပြီး ကြမ်းတမ်းတဲ့ ကစားဟန်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နွေရာသီမှာ အားလပ်ရက်တွေရတဲ့အခါ ကျွန်တော်တို့ ပြန်လည်သုံးသပ်သုံးသပ်ရမယ့် ကောင်းမွန်တဲ့ မေးခွန်းတစ်ခုဖြစ်ပြီး ပိုကောင်းအောင် လုပ်ဆောင်နိုင်တဲ့ အရာတစ်ခုခု ရှိမလားဆိုတာ ကြည့်ရပါမယ်။” လို့ မာရက်စကာက ပြောဆိုခဲ့ပါတယ်။