ချယ်လ်ဆီးနည်းပြ အန်ဇို မာရက်စကာကတော့ ဗုဒ္ဓဟူးနေ့ညက ကွန်းဖရန့်စ်လိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ် ဘက်တစ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဒရာမာဆန်ဆန် ပြန်လာနိုင်ပွဲဟာ အသင်းအတွက် အထူးတလည် အောင်မြင်မှုတွေရဲ့အစဖြစ်ဖို့ မျှော်လင့်နေပါတယ်။ ဒီနိုင်ပွဲနဲ့အတူ ချယ်လ်ဆီးဟာ ဥရောပပြိုင်ပွဲအားလုံးမှာ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်တဲ့ ပထမဆုံးကလပ်အသင်းအဖြစ် သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ပါတယ်။

ပိုလန်နိုင်ငံ ရိုကလောမြို့မှာ ကစားခဲ့တဲ့ ဒီဗိုလ်လုပွဲရဲ့ ပထမပိုင်းအပြီးမှာ ချယ်လ်ဆီးက ၁-၀ နဲ့ရှုံးနိမ့်နေခဲ့ရပေမဲ့ ဒုတိယပိုင်းမှာတော့ ကိုးလ် ပါးလ်မာရဲ့ တိကျလှပတဲ့ ဖြတ်တင်ဘော (၂)ကြိမ်ကနေ အန်ဇို ဖာနန်ဒက်ဇ်နဲ့ နီကိုးလပ်စ် ဂျက်ဆင်တို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ အသီးသီး သွင်းယူပြီး ပွဲအခြေအနေကို ပြောင်းပြန်လှန်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ဂျေဒန် ဆန်ချိုနဲ့ မွိုက်စ် ကိုင်ဆီဒိုတို့က နောက်ထပ်ဂိုးတွေ သွင်းယူခဲ့လို့ ပယ်လီဂရီနီရဲ့ ဘက်တစ်အသင်းကို ၄-၁ နဲ့ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။

Photo Credit : Goal

ဒီအောင်ပွဲဟာ ချယ်လ်ဆီးအသင်း နော်တင်ဟမ် ဖောရက်စ်ကို ၁-၀ နဲ့အနိုင်ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို ပြန်လည် ရရှိခဲ့ပြီး (၄)ရက်အကြာမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။ နည်းပြမာရက်စကာက “နော်တင်ဟမ်ပွဲအပြီးမှာ ကျွန်တော် ကစားသမားတွေကို ပြောခဲ့တဲ့ သတင်းစကားကတော့ ‘ငါတို့သာ တကယ်အရေးပါတဲ့ အသင်းတစ်သင်းဖြစ်ချင်တယ်ဆိုရင် အရင်ကလုပ်ခဲ့ပြီးတာတွေက ပြီးခဲ့ပြီ အခုလာမယ့် ဗိုလ်လုပွဲကို အနိုင်ရဖို့ပဲလိုတယ်’ ဆိုတာပါပဲ။”

“ဒါပေမဲ့ ဒီပွဲမှာ ပျော်ရွှင်မှုနဲ့အတူ ပင်ပန်းနွမ်းနယ်မှုတွေလည်း ရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ သူတို့ (ဘက်တစ်အသင်း) ထက် နားရက် (၄၈)နာရီ နည်းခဲ့တယ်။ သူတို့က သောကြာနေ့မှာ ဘာအရေးကြီးတဲ့ ပစ်မှတ်မှ မရှိဘဲ ကစားခဲ့ပြီး ကျွန်တော်တို့က တနင်္ဂနွေမှာ ကြီးမားတဲ့ ပစ်မှတ်အတွက် ကစားခဲ့ရတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ခြေစွမ်းပိုကောင်းလာခဲ့တယ်။ အရမ်းပျော်ပါတယ်။” လို့ ပြောခဲ့ပါတယ်။

Photo Credit : Chelsea Photo’s X

ချယ်လ်ဆီးအသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ်ဟာ ဒီအရေးကြီးတဲ့ ဗိုလ်လုပွဲမှာ မထင်မှတ်ဘဲ ပွဲထွက်လူစာရင်းကနေချန်လှပ်ခံခဲ့ရပြီး ပွဲချိန်တစ်ဝက်မှာမှ လူစားဝင်ကစားခဲ့ရပါတယ်။ ဒီအပေါ်မှာ နည်းပြမာရီစကာက အခုလိုရှင်းပြခဲ့ပါတယ်။ “ကျွန်တော် ရီးစ်ဂျိမ်းစ်ကို အမြဲတမ်း ပွဲထွက်ကစားသမားအဖြစ် အသုံးပြုချင်တယ်ဆိုတာ ကတိပေးပါတယ်။ ဒါပေမဲ့ ကျွန်တော် သူ့ကိုကာကွယ်ဖို့ ကြိုးစားနေတာပါ။ သူက ကျွန်တော်တို့အတွက် ထိပ်တန်း ကစားသမားတစ်ယောက်ပဲ။ ကိုးလ် ပါးလ်မာလိုပဲပေါ့၊ ပြဿနာက ကျွန်တော်တို့သူ့ရဲ့ပွဲထွက်ကစားချိန်တွေကို သေချာ စီမံခန့်ခွဲဖို့ လိုအပ်နေတာပါ။ သူ့ကို လူစားလဲလိုက်တဲ့ အချိန်မှာ သူက ကျွန်တော့်ကို ‘Boss စိတ်မပူပါနဲ့၊ ကျွန်တော်တို့နိုင်မှာပါ’ လို့ပြောခဲ့တယ်။” လို့ ဆိုပါတယ်။

ရီးစ်ဂျိမ်းစ်ကလည်း “ဒါက အရမ်းကောင်းတဲ့ ခံစားချက်ပါပဲ။ ပွဲကြာလာတာနဲ့အမျှ ကျွန်တော်တို့ခြေစွမ်းပိုကောင်းလာခဲ့ပြီး ဒုတိယပိုင်းမှာ (၄)ဂိုးအထိ သွင်းယူနိုင်ခဲ့လို့ ကျေးဇူးတင်ရမှာပါ။ နောက်ရာသီမှာ ချန်ပီယံလိဂ်မှာ ထပ်ပြီးစွမ်းဆောင်ရပါဦးမယ်။”ဗိုလ်လုပွဲတစ်ပွဲမှာ ပွဲထွက်ကစားခွင့် မရဘူးဆိုတာ သိရတာကတော့ တကယ်ကို စိတ်ပျက်စရာကောင်းပါတယ်။ ကျွန်တော်ပွဲတိုင်းကစားချင်ပေမယ့် ဒါက နည်းပြရဲ့ဆုံးဖြတ်ချက်ပါ။ သူ ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာတော့ ကျွန်တော်ရှေ့ဆက်ပြီးလက်ခံခဲ့ရသလို လိုအပ်လာတဲ့အချိန်အတွက် အသင့်ဖြစ်အောင်ပြင်ဆင်ခဲ့ရပါတယ်။” လို့ အသင်းခေါင်းဆောင်ပီသစွာ ထပ်လောင်းပြောကြားခဲ့ပါတယ်။