ယခုနှစ် ဘောလုံးရာသီမှာ လက်စတာ စီးတီးကို ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပို့ပေးထားတဲ့ နည်းပြချုပ် မာရက်စ်ကာက လန်ဒန်နာမည်ကြီးကလပ် ချယ်လ်ဆီးထံ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးနောက် ချယ်လ်ဆီးဆီ ပြောင်းခွင့် ရဖို့ မျှော်လင့်နေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၄၄နှစ် အရွယ် အီတလီလူမျိုး နည်းပြချုပ် မာရက်စ်ကာက ၂၀၁၇ခုနှစ်မှာ နည်းပြလောကထဲကို ဝင်ရောက်လာခဲ့သူ ဖြစ်ပြီး မာရက်စ်ကာက အက်စ်ကိုလီ ၊ ဆီဗီးလား ၊ ဝက်စ်ဟမ်း ၊ မန်ချက်စတာ စီးတီး စတဲ့ အသင်းတွေမှာ လှည့်ပတ်ကာ လက်ထောက်နည်းပြ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

Photo Credit: Team Talk

ယခုနှစ် ဘောလုံးရာသီ အစမှာတော့ မာရက်စ်ကာက မန်ချက်စတာ စီးတီးရဲ့ လက်ထောက်နည်းပြရာထူး ကနေ နုတ်ထွက်ပြီး လက်စတာ စီးတီးဆီ ၃ရာသီ စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ကာ သူဟာ ပထမဦးဆုံး ရာသီမှာတင်ပဲ လက်စတာ စီးတီးကို ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

မာရက်စ်ကာရဲ့ လက်စတာ စီးတီးက ယခုနှစ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၄၆ပွဲ ကစားခဲ့ရာ ၃၁ပွဲနိုင် ၊ ၄ပွဲသရေ ၊ ၁၁ပွဲရှုံး ဆိုတဲ့ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ခဲ့ကာ သွင်းဂိုး ၈၉ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ပေးဂိုးကလည်း ၄၁ဂိုးသာ ရှိခဲ့ပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မာရက်စ်ကာက ပြီးခဲ့တဲ့အပတ် အတွင်းမှာ ချယ်လ်ဆီးနဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ရာ ဆွေးနွေးမှုတွေက အပေါင်းလက္ခဏာ ဆောင်ခဲ့တာကြောင့် မာရက်စ်ကာဟာ ချယ်လ်ဆီးနည်းပြ ဖြစ်ခွင့် ရဖို့ မျှော်လင့်နေကြောင်း သိရှိရပါတယ်။

လက်ရှိမှာတော့ ချယ်လ်ဆီးရဲ့ နည်းပြချုပ်ရာထူး အတွက် ရေပန်းစားနေတဲ့ နည်းပြ ၃ဦးသာ ကျန်ရှိတော့ပြီး အဆိုပါနည်းပြတွေက မာရက်စ်ကာ ၊ ဒီဇာဘီနဲ့ သောမတ်စ် ဖရန့်တို့ ဖြစ်ကာ ချယ်လ်ဆီးက မာရက်စ်ကာကို ခေါ်ယူချင်ရင် လက်စတာ စီးတီးထံ လျော်ကြေးငွေ ပေါင် ၇သန်း ဝန်းကျင် ပေးချေရဖွယ် ရှိကြောင်း နီးစပ်သူတွေက ဆိုထားကြပါတယ်။