အသင်းရဲ့ ကွင်းလယ်ကစားသမား အန်ဇို ဖာနန်ဒက်ဇ်က နွေရာသီ အားလပ်ရက်တွေအပြီး အသင်းနဲ့ ပြန်လည် ပူးပေါင်းလာတဲ့အခါမှာ အသင်းအတွင်း ဘာပြဿနာမှ ရှိလာနိုင်မှာ မဟုတ်ဘူးလို့ ချယ်လ်ဆီးအသင်းနည်းပြသစ် အန်ဇို မာရက်စ်ကာက ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

အာဂျင်တီးနား ကွင်းလယ်ကစားသမား အန်ဇို ဖာနန်ဒက်ဇ်ဟာ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိက ချန်ပီယံ ဖြစ်လာရချိန် အသင်းရဲ့ ဘတ်စ်ကားပေါ်မှာ အာဖရိကနွယ်ဖွား ပြင်သစ်ကစားသမားတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သီချင်းလုပ်ဆိုခဲ့ရင်း ဒီကိစ္စက အတော်လေးကို ဂယက်ထသွားခဲ့ရပါတယ်။

Photo Credit : SPORTbible

ဒီဖြစ်ရပ်မှာ အန်ဇို ဖာနန်ဒက်ဇ် အပါအဝင် အဲ့ဒီဘတ်စ်ကားမှာ လိုက်ပါလာတဲ့ အာဂျင်တီးနား ကစားသမားတွေလည်း သီဆိုခဲ့ကြတာ ဖြစ်ပေမယ့်လည်း အန်ဇိုက ကိုယ်တိုင် live လွှင့်မိခဲ့တာကြောင့် သူရဲ့ ချယ်လ်ဆီးအသင်းဖော် ပြင်သစ်ကစားသမားတွေကပါ အန်ဇိုကို အတော်လေး မျက်မုန်းကျိုးခဲ့ရလို့ သူ့လုပ်ရပ်အတွက် အန်ဇိုက ပြန်လည် တောင်းပန်ထားခဲ့ရပါတယ်။

ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး အန်ဇိုကို ကာလရှည်ကြာ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိမ့်မယ်ဆိုပြီး ကောလဟာလတွေ ထွက်ပေါ်နေသလို အခုလို လူမျိုးရေးခွဲခြားတဲ့ စကားတွေ သုံးနှုန်းခဲ့တဲ့ အန်ဇိုက ချယ်လ်ဆီးကို ပြန်ရောက်လာချိန်မှာ အဝတ်လဲခန်းအတွင်း ကစားသမားတွေရဲ့ ဆက်ဆံရေးတွေ ပြိုကွဲသွားနိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်း ထွက်ပေါ်နေပြန်ပါတယ်။

Photo Credit : Evening Standard

ဒါပေမယ့် ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ချယ်လ်ဆီးနည်းပြ မာရက်စ်ကာကတော့ “အန်ဇို ဖာနန်ဒက်ဇ် အသင်းကို ပြန်ရောက်လာမယ့်အချိန်မှာ ပြဿနာတွေ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ကတော့ မထင်ပါဘူး။ ကျွန်တော် သူနဲ့လည်း စကားတွေ ပြောဆိုထားခဲ့ပါပြီ။ အခြေအနေတွေကတော့ လုံးဝ ရှင်းရှင်းလင်းလင်းပါပဲ။”

“ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေအတွက် ကစားသမားဘက်ကနေ ကြေညာချက်ထုတ်ပြီး တောင်းပန်စကား ဆိုထားခဲ့သလို အသင်းဘက်ကလည်း သဘောထားမှတ်ချက်ကို ထုတ်ပြန်ထားပြီးပါပြီ။ အားလုံး ရှင်းလင်းနေပါပြီ။ မကြာခင်မှာပဲ သူ အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ပါတော့မယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။