ချယ်လ်ဆီးအသင်းရဲ့ နည်းပြ အန်ဇို မာရက်စကာက တနင်္ဂနွေနေ့မှာ အသင်းရဲ့ လူသစ် ကစားသမား လီယမ် ဒီလက်ပ်ဟာ ဟယ်ရီကိန်းပြီးရင် အင်္ဂလန်အသင်းရဲ့ နံပါတ်(၉) အထောင်တိုက်စစ်မှူး ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ကိန်းဟာ အသက်(၃၁)နှစ်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်နီးပါးလောက်က အင်္ဂလန်အသင်းရဲ့ အဓိက တိုက်စစ်မှူးနေရာကို ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလက်ပ်ဟာ ကြီးမားတဲ့ အလားအလာတွေကို ပြသနေတာကြောင့် ချယ်လ်ဆီးအသင်းက ဒီလအစောပိုင်းမှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားတဲ့ အစ်ပ်စ်ဝစ်ချ်တောင်းကနေ ပေါင်သန်း(၃၀)နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

Photo Credit : Goal

“သူက အနာဂတ်မှာ အင်္ဂလန်ရဲ့ နံပါတ် ၉ ဖြစ်လာနိုင်မယ် ဆိုတာကို ကျွန်တော် ဘာသံသယမှ မရှိပါဘူး။” လို့ ချယ်လ်ဆီးနည်းပြက လော့စ်အိန်ဂျလိစ် အက်ဖ်စီနဲ့ ကလပ်ကမ္ဘာ့ဖလား ပွဲစဉ်မတိုင်ခင် ညနေခင်းမှာ ဒီလက်ပ်ဟာ ကိန်းရဲ့နေရာကို ဆက်ခံနိုင်မလားလို့ မေးမြန်းခံရချိန်မှာ ပြောကြားခဲ့ပါတယ်။

မာရက်စ်ကာက အသက်(၂၂)နှစ်အရွယ် တိုက်စစ်မှူး ဒီလက်ပ်ဟာ တနင်္လာနေ့ အတ္တလန်တာမြို့က မာစီဒီး-ဘန်ဇ် အားကစားကွင်းမှာ ပွဲထွက်ကစားမလားဆိုတာကို အတည်ပြု ပြောကြားခြင်းမရှိပေမယ့် ဒီလက်ပ်ဟာ ဘလူးလ်တို့ရဲ့ နံပါတ်(၉)ဂျာစီကို ဝတ်ဆင်ပြီးနောက်ပိုင်း ဘာစိတ်လှုပ်ရှားမှုမှ မပြသခဲ့ဘူးလို့ ပြောပါတယ်။ ချယ်လ်ဆီးအသင်းဟာ မကြာသေးတဲ့နှစ်တွေအတွင်း ဖာနန်ဒို တောရက်စ်၊ ရိုမီလူ လူကာကူနဲ့ အာလ်ဗာရို မိုရာတာ အပါအဝင် ထင်ရှားကျော်ကြားတဲ့ တိုက်စစ်မှူးအများအပြားကို ခေါ်ယူခဲ့ပေမယ့် အသင်းမှာ ရုန်းကန်ခဲ့ကြရပါတယ်။

Photo Credit : The New York Times

“လီယမ်က ဒီကလပ်အတွက် နံပါတ်(၉)က ဘယ်လောက်အရေးကြီးလဲဆိုတာကို ကောင်းကောင်းသိပါတယ်။ သူ အတော်လေး စိတ်အေးလက်အေးရှိတာကို တွေ့ရတယ်။ သက်တောင့်သက်သာရှိတယ်။ သူ ရောက်လာကတည်းက ကောင်းကောင်းလုပ်ဆောင်နေပါတယ်။” လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။ အီတလီနည်းပြဟာ ယခင်က မန်ချက်စတာ စီးတီးရဲ့ အသက်(၂၁)နှစ်အောက်အသင်းမှာ ဒီလက်ပ်ကို နည်းပြခဲ့ဖူးပြီး သူတို့နှစ်ဦးကြားက ဆက်စပ်မှုဟာ အပြန်အလှန် အကျိုးပြုလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ နှစ်ပေါင်းများစွာကတည်းက တစ်ယောက်နဲ့တစ်ယောက် သိနေကြတာပါ။ ဒါကြောင့် လီယမ်က ကျွန်တော်တို့ကို ဘာတွေပေးနိုင်တယ်ဆိုတာ ကျွန်တော်သိသလို ပိုကောင်းတဲ့ ကစားသမားဖြစ်လာဖို့ တိုးတက်လာဖို့အတွက် ကျွန်တော်တို့က သူ့ကို ဘာတွေ ပေးနိုင်တယ်ဆိုတာ သူလည်း သိပါတယ်။ သူဟာ ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ကစားတဲ့ပုံစံကို သူသိပြီး ကျွန်တော်တို့အတူရှိခဲ့တဲ့ ရာသီမှာ သူဟာ (၂၄)ဂိုးသွင်းယူခဲ့တာကြောင့်ပါပဲ။ ကျွန်တော်တို့က လီယမ်ကို ကြိုက်တယ်။ လီယမ်က ကျွန်တော်တို့ကို ကြိုက်တယ်။ ဒါကြောင့် စကားပြောရတာ လွယ်ကူခဲ့ပါတယ်” လို့ မာရက်စကာက ရှင်းပြပါတယ်။