မနေ့ညက ဘရိုက်တန်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ အက်ဖ်အေဖလားပြိုင်ပွဲ စတုတ္ထအဆင့်ပွဲစဉ်မှာ ချယ်လ်ဆီးက ပွဲအစပိုင်းကတည်းက ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ဘရိုက်တန်က ပထမပိုင်းမှာပဲ ရူတာ ပြန်လည် ချေပခဲ့သလို ဒုတိယပိုင်းမှာလည်း မိတိုမာကပါ အနိုင်ဂိုး သွင်းယူရင်း Comeback ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

ဒီပွဲမှာ ချယ်လ်ဆီးက ပွဲအစ (၅)မိနစ်မှာပဲ ပါလ်မာရဲ့ ကန်ချက်ကို ဘရိုက်တန် ဂိုးသမား ဘာဗရုဂန် ကာကွယ်ရာကနေ ဂိုးစတင်ရရှိခဲ့ပြီး ပွဲကို စောစောစီးစီး ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ဒီရလဒ်အပေါ် ချယ်လ်ဆီးဘက်က ထိန်းထားနိုင်ခြင်း မရှိဘဲ သိပ်မကြာခင် ဘရိုက်တန် တိုက်စစ်ကစားသမား ရူတာက ပြန်လည် ချေပသွားခဲ့ပါတယ်။

Photo Credit : ESPN

ချယ်လ်ဆီးဟာ အက်ဖ်အေဖလား တတိယအဆင့်မှာ မိုကမ်ဘီကို (၅)ဂိုးပြတ်နဲ့ အပြတ်အသတ် အနိုင်ယူ ကျော်ဖြတ်ခဲ့ပေမယ့် အခု စတုတ္ထအဆင့်မှာတော့ ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့လို့ စတုတ္ထအဆင့်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။ ပွဲအပြီးမှာတော့ ချယ်လ်ဆီးနည်းပြ မာရက်စ်ကာက “ဒါဟာ တကယ့်ကို ရှက်စရာကောင်းတဲ့ ကိစ္စပါ။”

“မလွဲမသွေပါပဲ။ ဒါဟာ ခက်ခဲတဲ့ ပြိုင်ပွဲတစ်ခုပါ။ ကျွန်တော်တို့အတွက်တော့ တကယ့်ကို ကြီးမားတဲ့ ရှက်စရာကောင်းတဲ့ ကိစ္စပါ။ ဒါပေမယ့် အပြုသဘောဆောင်တဲ့ တစ်ခုခုရှိမယ်ဆိုရင် ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်နဲ့ ကွန်းဖရန့်စ်လိဂ်တွေမှာ အာရုံစိုက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ ခရီးလမ်းကို ဆက်လက်သွားနိုင်ပါမယ်။”

Photo Credit : Chelsea Football Club

“ကျွန်တော်အတွက်တော့ ကျွန်တော်တို့ဟာ (1-0) နဲ့ ပွဲတွေကို ဘယ်လိုနိုင်အောင် ကစားရမယ်ဆိုတာ သင်ယူဖို့ လိုအပ်ပါတယ်။ ဒါ မလွဲမသွေပါပဲ။ ပြီးခဲ့တဲ့ပွဲမှာ ဝက်စ်ဟမ်းကို (1-0) နဲ့ ရှုံးနေရာကနေ (2-1) နဲ့ နိုင်ခဲ့တာမျိုးပေါ့။ အသင်းအနေနဲ့ဆိုရင် (1-0) နဲ့ နိုင်အောင် ကစားတက်ဖို့ သင်ယူဖို့ လိုပါတယ်။ ကောင်းတဲ့ ဘောလုံးရာသီဆိုတာ အသင်းဟာ တစ်ပွဲပြီးတစ်ပွဲ ပိုမို တိုးတက်လာတာကို မြင်ရခြင်းပါပဲ။”

“ခက်ခဲတဲ့အချိန်တွေ အခက်အခဲတွေကို ဖြတ်သန်းရမယ်။ ဒါကတော့ ဒီကလပ်အနေနဲ့ အရေးကြီးတဲ့အရာတွေအတွက် ယှဉ်ပြိုင်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းပါပဲ။ အခုဆိုရင် ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်နဲ့ ကွန်းဖရန့်စ်လိဂ်တို့မှာ အာရုံစိုက်နိုင်ပြီဖြစ်ပြီး မှန်ကန်တဲ့ နည်းလမ်းနဲ့ အဆုံးသတ်နိုင်ပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။