ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ပေါ်တူဂီကြယ်ပွင့် ကစားသမား ဂျာအိုဖီးလစ်ကို အသက်လက်တီကိုမက်ဒရစ်အသင်းကနေ အငှားနဲ့ ခေါ်ယူထားခဲ့ပေမဲ့လည်း တိုက်စစ်မှာ finishing ပိုင်း ပိုအားကောင်းစေဖို့အတွက် အထောင်တိုက်စစ်မှူးစစ်စစ် တစ်ဦးကို ထပ်မံ ခေါ်ယူသွားချင်နေရာ မိုချန်ဂလာဘတ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး မားကပ်စ်သူရမ်ကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။

Image

Photo Credit : Twitter

ချယ်လ်ဆီးဟာ အခုနှစ် ဈေးကွက်အတွင်းမှာပဲ အသင်းတိုက်စစ်ပိုင်းအတွင်း ရာဟင်းစတာလင် အူဘာမီယန်း ဂျာအိုဖီးလစ်နဲ့ ဒါထရိုဖိုဖာနာတို့ကို ခေါ်ယူထားခဲ့ပေမဲ့ အသင်းတိုက်စစ်က ထင်သလောက် sharp မဖြစ်သေးတဲ့အပြင် အထောင်တိုက်စစ် ကစားသမားတွေဖြစ်တဲ့ အူဘာမီယန်းက ခြေစွမ်းပိုင်းတွေ ကျဆင်းနေသလို ဖိုဖာနာကလည်း ဆယ်ကျော်သက်အရွယ် ကစားသမားလေး ဖြစ်နေတာကြောင့် no(9) role အတွက် တိုက်စစ်မှူးတစ်ဦးခန့်လောက် ထပ်မံ ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Football Talk

အသက်(၂၅)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား မားကပ်စ်သူရမ်ဟာ ပြင်သစ်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး လီလီယမ်သူရမ်ရဲ့ သားတစ်ယောက် ဖြစ်သလို ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ၂၀၂၂ကမ္ဘာ့ဖလား လူစာရင်းမှာပါ ထည့်သွင်း ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ ဆိုးချော့အကယ်ဒမီထွက် ကစားသမား သူရမ်ဟာ ၂၀၁၉ခုနှစ်ကတည်းက မိုချန်ဂလာဘတ်အသင်းဆီကို ရောက်ရှိနေခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း ဂလာဘတ်အသင်းအတွက် စတုတ္ထမြောက် ဘောလုံးရာသီကို ဖြတ်သန်းလျက် ရှိနေပါတယ်။ အထောင်တိုက်စစ်အပြင် ဘယ်တောင်ပံနေရာမှာပါ ကစားတတ်သူ သူရမ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ မိုချန်ဂလာဘတ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၇)ပွဲ ကစားအပြီး (၁၃)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူရမ်ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ မိုချန်ဂလာဘတ်အသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့ သူ့ကို ဘာစီလိုနာ ချယ်လ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ အပါအဝင် ဥရောပ ကလပ်အသင်းတိုင်းက ခေါ်ယူသွားဖို့ စောင့်ကြည့်နေပြီး ချယ်လ်ဆီးအသင်းကတော့ အခု ဆောင်းဈေးကွက်ထဲမှာပဲ ခေါ်ယူသွားချင်နေပါတယ်။ နာမည်ကျော် ဘောလုံးသတင်းထောက် ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ သူရမ်ဟာ လာမဲ့နွေမှသာ ဂလာဘတ်ကနေ ထွက်ခွာဖို့ စီစဉ်ထားပေမဲ့ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းချက်ကို လက်ခံသွားဖို့အတွက် သူရဲ့ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်သွားဖွယ် ရှိနိုင်တယ်လို့ သိရှိရပါတယ်။