မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်တစ်ယောက် သူ့ရဲ့အိပ်မက်ဖြစ်တဲ့ ဘာစီလိုနာအသင်းဆီ တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့ရဲ့ နောက်ကွယ်မှာတော့ ရပ်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာရဲ့ ကြယ်ပွင့်လေး လာမင်း ယာမယ်လ်ဆီကို လပေါင်းများစွာတိုင်အောင် မက်ဆေ့ချ်တွေ ပို့ပြီး ဆက်သွယ်ခဲ့တယ်ဆိုတဲ့ စိတ်ဝင်စားဖွယ် အချက်အလက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
အသက်(၂၇)နှစ်အရွယ် အင်္ဂလန် တိုက်စစ်ကစားသမားဟာ ဒီနွေရာသီမှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာချင်နေခဲ့တာဖြစ်ပြီး ကတ်တလန်ကလပ် ဘာစီလိုနာကသာ သူ့ရဲ့ နံပါတ်တစ် ဦးစားပေးအသင်း ဖြစ်ခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့ ဖြစ်မြောက်ဖို့အတွက် ရပ်ရှ်ဖို့ဒ်ဟာ သူ့ရဲ့လစာကို သိသိသာသာ လျှော့ယူခဲ့ရုံသာမက ကစားသမား မှတ်ပုံတင်ခွင့်နဲ့ ပတ်သက်ပြီးလည်း ဘာအာမခံချက်မှ တောင်းဆိုခဲ့ခြင်း မရှိပါဘူး။
Photo Credit : CGTN
The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ရပ်ရှ်ဖို့ဒ်ဟာ စပိန်ကြယ်ပွင့်လေး ယာမယ်လ်ဆီကို လပေါင်းများစွာ ဆက်သွယ်ပြီး ဘာစီလိုနာအသင်းကို ဘယ်လောက်ထိ ပြောင်းရွှေ့ချင်ကြောင်း သူ့ရဲ့ဆန္ဒကို ပြသခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီအငှားစာချုပ်မှာ ယူရိုသန်း(၃၀)နဲ့ အပြီးသတ် ဝယ်ယူခွင့်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။
ဘာစီလိုနာရဲ့ အားကစားဒါရိုက်တာ ဒေကိုနဲ့ နည်းပြဟန်ဆီ ဖလစ်ခ်တို့ဟာ ဒီနွေရာသီမှာ တောင်ပံတိုက်စစ်မှာ လျင်မြန်ပြီး ထိုးဖောက်ကစားနိုင်မယ့် ကစားသမားတစ်ဦးကို ခေါ်ယူဖို့ အဓိကဦးစားပေးခဲ့တာ ဖြစ်ပါတယ်။ နီကို ဝီလီယံစ်ကို ခေါ်ယူဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက် အသင်းရဲ့ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် အစစအရာရာ အလိုက်သိခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ဟာ သူတို့အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာခဲ့ပါတယ်။
Photo Credit : beIN SPORTS
မန်ယူနိုက်တက်မှာ နည်းပြရူဘင် အမိုရင်နဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေနဲ့ သူ့ရဲ့အသင်းတွင်း အနေအထားတွေကြောင့် ရပ်ရှ်ဖို့ဒ်အတွက် အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေကို ရောက်ရှိခဲ့တာပါ။ ဘာစီလိုနာ ကစားသမားသစ်အဖြစ် မိတ်ဆက်တဲ့ပွဲမှာ ရပ်ရှ်ဖို့ဒ်က ယာမယ်လ်ကို အခုလို ချီးကျူးသွားခဲ့ပါတယ်။ “သူက တကယ်ကို ထူးခြားတဲ့ ပါရမီရှင်လေးပါ။ ပြီးခဲ့တဲ့ရာသီကဆိုရင် သူဟာ ကမ္ဘာ့အကောင်းဆုံး မဟုတ်တောင် ကမ္ဘာ့ထိပ်တန်း ကစားသမားတွေထဲက တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါက တကယ်ကို စိတ်လှုပ်ရှားစရာပါ။ အားကစားလောကမှာရှိတဲ့ လူတိုင်းက အကောင်းဆုံးတွေနဲ့ အတူတူ ကစားချင်ကြတာပါပဲ။”
ရပ်ရှ်ဖို့ဒ်ဟာ သူ့ရဲ့အပြောင်းအရွှေ့ကို တရားဝင်မကြေညာခင်ကတည်းက ဘာစီလိုနာအသင်းရဲ့ ရာသီကြိုလေ့ကျင့်ခန်းတွေမှာ ကြိုတင်ပါဝင်နေခဲ့ပြီး ဖြစ်ပါတယ်။ အခုချိန်မှာတော့ သူဟာ နည်းပြ ဟန်ဆီ ဖလစ်ခ်ရဲ့ ကစားကွက်နဲ့ အသားကျအောင် ကြိုးစားပြီး ယာမယ်လ် လီဝန်ဒေါစကီး ရာဖင်ဟာတို့လို ကစားသမားတွေနဲ့ ပြည့်နှက်နေတဲ့ တိုက်စစ်ပိုင်းမှာ ပွဲထွက်ခွင့်တစ်နေရာအတွက် သူ့အရည်အချင်းကို သက်သေပြရတော့မှာ ဖြစ်ပါတယ်။