မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်က လက်ရှိအချိန် ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်နေတယ်လို့ ပြောဆို သတ်မှတ်နေခြင်းအပေါ် နှိမ့်ချစွာနဲ့ ငြင်းဆန်သွားခဲ့ပါတယ်။

Photo Credit : Goal

ဒီနှစ် ဘောလုံးရာသီမှာ အတော်လေးကို in-form ဖြစ်နေရတဲ့ ကစားသမား ရပ်ရှ်ဖို့ဒ်က ဖေဖော်ဝါရီလရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို လက်ခံ ရရှိခဲ့ပြီးနောက် ဒီရာသီအတွင်း သူရရှိခဲ့တဲ့ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုက (၃)ခုအထိတောင် ရှိလာခဲ့ရပါတယ်။ တစ်ရာသီလုံးမှာလည်း ယူနိုက်တက်အတွက် ပြိုင်ပွဲစုံအတွင်း (၂၆)ဂိုးအထိ သွင်းယူထားပြီး (၉)ဂိုး ဖန်တီးထားနိုင်ခဲ့တဲ့ အသက်(၂၅)နှစ်အရွယ် ကစားသမားကို လက်ရှိ ကမ္ဘာ့အကောင်းဆုံးလို့ ပြောဆိုလာခဲ့ခြင်းအပေါ် ကစားသမားကိုယ်တိုင်က ပယ်ချသွားခဲ့ပါတယ်။

Photo Credit : Stretty News

ရပ်ရှ်ဖို့ဒ်က သူ့အသင်းဖော် ဂိုးသမား ဒီဂီယာရယ် သူရဲ့ဆရာသမား နည်းပြတန်ဟက်ဂ်တို့နဲ့အတူ ဖေဖော်ဝါရီလ တစ်လတာ အကောင်းဆုံးဆုတွေကို သိမ်းပိုက်ရယူခြင်းအတွက် ယူနိုက်တက် ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ ပို့စ်တင်ထားခဲ့ရာ ဒီပို့စ်အောက်မှာ ပရိသတ်တစ်ဦးက ရပ်ရှ်ဖို့ဒ်ကို ကမ္ဘာ့အကောင်းဆုံး ကစားသမားလို့ comment ရေးသားလာတဲ့အပေါ် “လူတွေ ငါ့ကို ဒီလို ပြောဆိုနေတဲ့အတိုင်း ဖြစ်လာဖို့ဆိုတာ ငါ့ဘက်က အများကြီး လုပ်ဆောင်ဖို့ လိုနေပါသေးတယ် ဘရို” လို့ တုံ့ပြန်သွားခဲ့ပါတယ်။

Photo Credit : Planet Football

လက်ရှိ ဘောလုံးရာသီရဲ့ ဥရောပ ဘောလုံးဇာတ်ခုံမှာ ဂိုးသွင်းအများဆုံး ကစားသမားတွေအဖြစ် အာလင်းဟာလန်း ကီလီယန်အမ်ဘာပေ မားကပ်စ်ရပ်ရှ်ဖို့ဒ်တို့ (၃)ဦးက အသီးသီး ရပ်တည်နေကြပြီး ဟာလန်းက (၃၄)ဂိုး ဘာပေက (၃၁)ဂိုးနဲ့ ရပ်ရှ်ဖို့ဒ်က (၂၆)ဂိုး သွင်းယူထားကြပါတယ်။ ဟာလန်းနဲ့ ဘာပေတို့က မနေ့ညက အမှတ်ပေးပွဲစဉ်တွေမှာ သွင်းဂိုးတစ်ဂိုးစီ သွင်းယူထားခဲ့ပြီး ရပ်ရှ်ဖို့ဒ်လည်း ဒီနေ့ည ဆောက်သမ်တန်နဲ့ပွဲမှာ ဂိုး ရယူနိုင်မလားဆိုတာ ဆက်လက် စောင့်ကြည့်သွားရပါမယ်။