ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်ရဲ့ နည်းပြချုပ် မာကို ဆေးလ်ဗားက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယူးကာဆယ် ၃-၀ ဖူလ်ဟမ် ပွဲစဉ်မှာ ကွင်းလယ်ဒိုင် ဘားရော့ဟာ နယူးကာဆယ်ကို သိသိသာသာ ဘက်လိုက်ခဲ့တယ်လို့ ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ဝေဖန်သွားခဲ့ပါတယ်။

အက်ဒီဟောင်း ဦးဆောင်နေတဲ့ နယူးကာဆယ်နဲ့ မာကို ဆေးလ်ဗား ဦးဆောင်နေတဲ့ ဖူလ်ဟမ်တို့က ပရီးမီးယားလိဂ် ပွဲစဉ် (၁၇) အဖြစ် နယူးကာဆယ်ရဲ့ အိမ်ကွင်းဖြစ်တဲ့ စိန့်ဂျိမ်းစ်ပါတ်မှာ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ကြပြီး နယူးကာဆယ်က ဖူလ်ဟမ်ကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Chronicle Live

အဆိုပါပွဲမှာ နယူးကာဆယ်နဲ့ ဖူလ်ဟမ်တို့ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးကာ ယှဉ်ပြိုင်ခဲ့ကြပြီး ပွဲချိန် ၂၂မိနစ်မှာတင် ဖူလ်ဟမ် တိုက်စစ်မှူး ဂျီမီနက်ဇ်ဟာ တိုက်ရိုက် အနီကတ် ထိခဲ့တာကြောင့် ဖူလ်ဟမ်က မိနစ် ၇၀ကျော် တယောက်လျော့နဲ့ ယှဉ်ပြိုင် ကစားခဲ့ရပါတယ်။

နယူးကာဆယ်အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၅၇မိနစ်မှာ လူးဝစ် မီလေ ၊ ပွဲချိန် ၆၄မိနစ်မှာ အယ်မီရွန်နဲ့ ပွဲချိန် ၈၂မိနစ်မှာ ဒန်ဘန်းတို့က သွင်းယူပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ နယူးကာဆယ် ၃-၀ ဖူလ်ဟမ် ပွဲစဉ်မှာ သွင်းဂိုးတွေ များများစားစား တွေ့ခဲ့ရသလို နှစ်သင်းစလုံးက ခပ်ကြမ်းကြမ်း ကစားခဲ့တာကြောင့် မကြာခဏ ပြစ်ဒဏ်ဘောတွေကို မြင်ခဲ့ရပါတယ်။

နယူးကာဆယ် ၃-၀ ဖူလ်ဟမ် ပွဲစဉ်မှာ နယူးကာဆယ်က ပြစ်ဒဏ်ဘော ၇ကြိမ် ကျူးလွန်ခဲ့ပြီး ဖူလ်ဟမ်က ပြစ်ဒဏ်ဘော ၁၂ကြိမ် အထိ ကျူးလွန်ခဲ့ကာ ဖူလ်ဟမ်ဘက်က အဝါကတ် ၂ကတ် ၊ အနီကတ် ၁ကတ် ထိခဲ့ပေမယ့် နယူးကာဆယ်ရဲ့ ကစားသမားတွေကတော့ အဝါကတ် တကတ်တောင် မထိခဲ့ပါဘူး။

Photo Credit: Chronicle Live

ဒါကြောင့်ပဲ ဖူလ်ဟမ်နည်းပြ မာကို ဆေးလ်ဗားက ကွင်းလယ်ဒိုင် ဘားရော့ဟာ နှစ်ဖက် ဘောလုံးယှဉ်လုတဲ့ အကြိမ်တိုင်းမှာ နယူးကာဆယ်ကို ပြစ်ဒဏ်ဘောတွေ ပေးခဲ့သလို နယူးကာဆယ်ရဲ့ ပြစ်ဒဏ်ကျူးလွန်မှုတွေကို မသိချင်ယောင်ဆောင်နေခဲ့တယ်လို့ ဝေဖန်သွားခဲ့တာပါ။

မာကို ဆေးလ်ဗားက – “ကွင်းလယ်ဒိုင်က ဖူလ်ဟမ်အတွက် ပြစ်ဒဏ်ဘော တကြိမ်တောင် မပေးခဲ့ပါဘူး။ ဘောလုံးယှဉ်လုတဲ့ အကြိမ်တိုင်းမှာ နယူးကာဆယ်ကပဲ ပြစ်ဒဏ်ဘော ရပါတယ်။ ကျွန်တော်က ဒိုင်တွေ ရင်ဆိုင်ရတဲ့ ဖိအားကို နားလည်သလို ပြင်းပြင်းထန်ထန် အားပေးတတ်တဲ့ ပရိသတ်တွေကို ပိုင်ဆိုင်ထားလို့ နယူးကာဆယ်ကို ဂုဏ်ပြုချင်ပါတယ်။ ဒါပေမယ့် ဒိုင်တွေက ဖိအားတွေကို ရင်ဆိုင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒိုင်တွေက အမြဲတမ်း အိမ်ရှင်ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ဖိအားတွေကို ရင်ဆိုင်ရမှာပါ။ ဒါက ပရီးမီးယားလိဂ်ပြိုင်ပွဲပါ။ ပရီးမီးယားလိဂ်ပြိုင်ပွဲက ဖိအားတွေကို ကိုင်တွယ်နိုင်တဲ့ ဒိုင်တွေကို ငှားရမ်းဖို့ လိုအပ်ပါတယ်။ ဒီနေ့မှာဆို ဒိုင်လူကြီးက ပရိသတ် ၅၀၀၀၀ရဲ့ ဖိအားကို ရင်ဆိုင်နိုင်စွမ်း မရှိသလို အတွေ့အကြုံလည်း မရှိပါဘူး။ ကျွန်တော်ကတော့ မမျှတမှုကို သိသိသာသာ ခံစားနေရပါတယ်။ ဘောလုံးယှဉ်လုတဲ့ အကြိမ်တိုင်းမှာ ဒိုင်က ကျွန်တော်တို့ကို ပြစ်ဒဏ်ဘော တကြိမ်တောင် မပေးခဲ့ပါဘူး။ ဒိုင်လူကြီးရဲ့ စွမ်းဆောင်ရည်က အရမ်းကို ထူးဆန်းတဲ့ စွမ်းဆောင်ရည်ပါပဲ” လို့ ပြောကြားကာ ကွင်းလယ်ဒိုင် ဘားရော့ကို ပေါ်တင် ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။