ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်ရဲ့ နည်းပြချုပ် ဖြစ်သူ မာကို ဆေးလ်ဗားက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်ကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် သူတို့အသင်းဟာ မန်ချက်စတာ ယူနိုက်တက်ထက် ပိုကောင်းခဲ့တယ်လို့ ပွဲပြီး အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသင်းကြီးတွေကို ဒုက္ခပေးနိုင်စွမ်း ရှိတဲ့ ဖူလ်ဟမ်က အက်ဖ်အေဖလား ကွာတားဖိုင်နယ် အဖြစ် အဝေးကွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကို သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ဖူလ်ဟမ်နည်းပြ မာကို ဆေးလ်ဗားက အသင်းရဲ့ ကစားသမား အစုံအလင်ကို ထည့်သွင်းကာ နိုင်ပွဲ ရဖို့ ပြင်ဆင်ခဲ့ပါတယ်။

Photo Credit: Mirror

တကယ်တမ်း ယှဉ်ပြိုင် ကစားချိန်မှာလည်း မာကို ဆေးလ်ဗားရဲ့ ဖူလ်ဟမ်က တန်ဟက်ဂ်ရဲ့ မန်ချက်စတာ ယူနိုက်တက်ကို အကောင်းဆုံး ယှဉ်ပြိုင် ကစားနိုင်ခဲ့သလို မီထရိုဗစ်ရဲ့ သွင်းဂိုးကြောင့် ပွဲကိုပါ ဦးဆောင်ခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၇၀မိနစ် ဝန်းကျင်မှာတော့ ဖူလ်ဟမ်ရဲ့ ဝါရင့် ကစားသမား ဝီလီယံဟာ ယူနိုက်တက် တောင်ပံကစားသမား ဆန်ချိုရဲ့ ကန်ချက်ကို လက်နဲ့ တားခဲ့တာကြောင့် တိုက်ရိုက် အနီ ထိခဲ့သလို ပင်နယ်တီလည်း ပေးခဲ့ရပါတယ်။

ဒါ့အပြင် ဝီလီယံရဲ့ ဖြစ်ရပ်ကို VARဒိုင်တွေနဲ့ ကွင်းလယ်ဒိုင်က စစ်ဆေးနေချိန်မှာ ကွင်းလယ်ဒိုင်ကို စောဒက တက်ခဲ့တဲ့ မာကို ဆေးလ်ဗားကလည်း တိုက်ရိုက် အနီထိခဲ့ပြီး မာကို ဆေးလ်ဗားနဲ့ ဝီလီယံတို့ အနီကတ် ထိသွားချိန်မှာ ဖူလ်ဟမ် တိုက်စစ်မှူး မီထရိုဗစ်က ဒေါသထွက်ကာ ကွင်းလယ်ဒိုင်ကို တွန်းထိုးမှုတွေ လုပ်ခဲ့တာကြောင့် အနီကတ် ထပ်ထိခဲ့ပါတယ်။

Photo Credit: Mirror

အဓိက ကစားသမား ၂ဦး အနီကတ်နဲ့ ထွက်ခဲ့ရသလို နည်းပြကပါ အနီကတ် ထိခဲ့တာကြောင့် ဖူလ်ဟမ်ရဲ့ စိတ်ဓာတ်ပိုင်းဟာ ပျက်စီးသွားခဲ့ပြီး မိနစ် ၇၀ နောက်ပိုင်းမှာ မန်ချက်စတာ ယူနိုက်တက်ကသာ ပွဲကို ကြီးစိုးနိုင်ခဲ့ကာ ယူနိုက်တက်က ၂ယောက်လျော့ ဖူလ်ဟမ်ကို သွင်းဂိုး ၃ဂိုး အထိ ပြန်သွင်းကာ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းသွားခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ ဖူလ်ဟမ်နည်းပြ မာကို ဆေးလ်ဗားက အနီကတ်တွေ အတွက် ဘာမှ ထပ်မပြောသွားပေမယ့် သူတို့အသင်းဟာ မန်ချက်စတာ ယူနိုက်တက်ထက် ပိုကောင်းခဲ့ကြောင်း ဆိုလာပါတယ်။ မာကို ဆေးလ်ဗားက – “ပွဲချိန် အစောပိုင်းမှာတင် ကျွန်တော်တို့က လုခ်ရှောရဲ့ မီထရိုဗစ်အပေါ် ပြစ်ဒဏ်ကျူးလွန်မှု အတွက် ပင်နယ်တီ ရခဲ့သင့်ပါတယ်။ လုခ်ရှောက မီထရိုဗစ်ကို တွန်းခဲ့တာ ဖြစ်ပြီး စည်းကြပ်ဒိုင်ကလည်း အဲ့ဒီဖြစ်ရပ်ကို မြင်ရမယ့် နေရာမျိုးမှာ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူကမှ ပြန်မစစ်ဆေးခဲ့ကြပါဘူး။ ဒါမျိုးက ကွာတားဖိုင်နယ်လို ပွဲစဉ်မျိုးမှာ မရှိသင့်ပါဘူး။ နှစ်သင်းစလုံးက တူညီတဲ့ အခွင့်အရေးတွေ ရသင့်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်နဲ့ လာကစားရတိုင်း ဖိအားတွေ ခံစားရပါတယ်။ ဒိုင်လူကြီးတွေကလည်း အဲ့ဒီ ဖိအားတွေကို ခံစားရမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်တွေကြောင့် တပတ်ပြီး တပတ် နစ်နာနေတာဟာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ပင်နယ်တီနဲ့ အနီကတ် ဖြစ်ရပ်မတိုင်ခင် အထိ ကျွန်တော်တို့က မန်ယူထက် ပိုကောင်းခဲ့တာပါ။ ကျွန်တော်တို့က မန်ယူထက် မိနစ် ၇၀လောက် ပိုကောင်းခဲ့ပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။