မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား မာဆယ်ဆာဘစ်ဇာက ညကပွဲစဉ်မှာ သူရဲ့ သွင်းဂိုး (၂)ဂိုးနဲ့ အသင်းကို ပထမပိုင်းမှာ ဦးဆောင်စေနိုင်ခဲ့ပေမယ့်လည်း ပွဲပြီးခါနီးမှာ အတော်လေး မိုက်မဲလွန်းလှတဲ့ ချေပဂိုးတွေကို ပြန်လည် ခွင့်ပြုခဲ့ရတယ်လို့ စိတ်ပျက်စွာနဲ့ ညည်းတွားသွားခဲ့ပါတယ်။

Manchester United FC news from the Independent

Photo Credit : The Independent

ယူနိုက်တက်က ဆီဗီလာအသင်းနဲ့ ဥရောပပြိုင်ပွဲတွေမှာ တွေ့ဆုံရတိုင်း ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းတွေမှာပါ ရုန်းကန်ရတတ်ပေမယ့် အခုပွဲမှာတော့ ပွဲအစ (၂၁)မိနစ်မှာပဲ ကွင်းလယ်လူ ဆာဘစ်ဇာရဲ့ သွင်းဂိုးတွေနဲ့အတူ (၂)ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့် (၂)ဂိုးထက် ပိုမို ပြတ်သားရမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်တဲ့ ယူနိုက်တက်က ဒုတိယပိုင်းအစမှာ ဒဏ်ရာပြသာနာ ရှိနေတဲ့ ဗာရန်းကို မက်ဂွိုင်းယားနဲ့ လူစားလဲခဲ့ရာကနေ ဒုတိယပိုင်း ပွဲချိန်အလယ်လောက်မှာပါ ဖာနန်ဒက်စ် မာရှယ် ဆန်ချို အန်တိုနီတို့ကို အကုန်ထုတ်ပြီး ပွဲကို ထိန်းကစားဖို့ ပြင်ဆင်ရာမှာ ဆီဗီလာရဲ့ ဖိအားပြန်ပေးမှုကို တောင့်မခံနိုင်တော့ပဲ ချေပဂိုး (၂)ဂိုးလုံး ခွင့်ပြုသွားခဲ့ရပါတယ်။

Photo Credit : Sky Sports

ဒီရလဒ်အပေါ် ဆာဘစ်ဇာက “ဒီအခြေအနေအတွက် မှန်ကန်တဲ့ စကားလုံးကို ရှာဖို့ အဆင်မပြေဘူး။ ဒါက ရိုလာကိုစတာ ပွဲတစ်ခုလိုပါပဲ။ အတတ်အကျတွေနဲ့။ ပထမပိုင်းမှာ ကျွန်တော်တို့တွေ ကောင်းကောင်းမွန်မွန် ကစားခဲ့ရင်းနဲ့ အခွင့်အရေးတွေလည်း အများကြီး ရခဲ့တယ်။ ကျွန်တော်တို့က ပွဲကို လုံးဝ ပြီးဆုံးသွားအောင် အဆုံးသတ်ခဲ့သင့်ပေမယ့် အဆုံးသတ်မှာ ကျွန်တော်တို့ မလိုချင်တဲ့ ရလဒ်နဲ့သာ ပွဲက ပြီးဆုံးသွားခဲ့ရတယ်”

Photo Credit : The Mirror

“နောက်ဆုံးမိနစ်တွေက ထူးဆန်းတယ်။ ကစားသမား တစ်ဦးလျော့သလို ဖြစ်သွားတယ်။ မိုက်မဲလွန်းတဲ့ ဂိုးတွေ ပေးလိုက်ရတယ်။ ကျွန်တော်တို့ တကယ်ကို အလွန် စိတ်ပျက်မိရပါတယ်။ ဒီလို ဂိုးတွေ မခွင့်ပြုခဲ့သင့်ဘူး။ အိမ်ကွင်းမှာ (၂)ဂိုးပြတ်နဲ့ ဦးဆောင်ထားပြီး နိုင်ကို နိုင်သင့်တဲ့ပွဲမှာ ကျွန်တော်တို့တွေ ပွဲကို အဆုံးသတ်အထိ အာရုံမစိုက်ထားနိုင်လိုက်ဘူး” လို့ ညည်းတွား ပြောဆိုသွားခဲ့ပါတယ်။