ဆောင်းဈေးကွက်ရဲ့ နောက်ဆုံးနေ့ရက်မှာ ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကနေ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဩစတီးယား ကွင်းလယ်လူ ဆာဘစ်ဇာကတော့ သူဟာ ဆုဖလားတွေ ရယူဖို့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းလာခဲ့တာပါလို့ ကြွေးကြော်သွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ဩစတီးယား လက်ရွေးစင် ကွင်းလယ်လူ ဆာဘစ်ဇာက လိုက်ပ်ဇစ်နဲ့အတူ ဥရောပ ဘောလုံးဇာတ်ခုံပေါ်မှာ ကျော်ကြားလာသူ ဖြစ်ပေမယ့် လိုက်ပ်ဇစ်ကနေ ဘိုင်ယန်မြူးနစ်ဆီ ရောက်ရှိသွားချိန်မှာ ထင်ထားသလို ပုံမှန် ပွဲထွက်ခွင့် မရခဲ့သလို ပုံမှန် ပွဲထွက်ခွင့် မရတာကြောင့် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့လည်း ရုန်းကန်နေရသူပါ။

Photo Credit: Mirror

ဆာဘစ်ဇာက ဘိုင်ယန်မြူးနစ်မှာ ပွဲထွက်ခွင့် ရဖို့ ခက်ခဲနေပေမယ့် နိုင်ငံအသင်း ဖြစ်တဲ့ ဩစတီးယားမှာတော့ ပုံမှန် ကစားခွင့် ရနေသလို ခြေစွမ်းကောင်းတွေလည်း ပြသထားနိုင်ပြီး သူ့ရဲ့ ခြေစွမ်းနဲ့ အရည်အသွေးတွေကြောင့်ပဲ အဲရစ်ဆင်ကို ဒဏ်ရာကြောင့် လက်လွှတ်လိုက်ရတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဆာဘစ်ဇာကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။

ဆာဘစ်ဇာကလည်း ဘိုင်ယန်မြူးနစ်မှာ ကစားခွင့် ရဖို့ ရုန်းကန်နေရချိန်မှာ မန်ချက်စတာ ယူနိုက်တက်လို ထိပ်သီးအသင်း တသင်းရဲ့ ကမ်းလှမ်းမှုကို ရလာတာကြောင့် ချက်ချင်းပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေကလည်း ဆာဘစ်ဇာဟာ သူတို့အသင်းနဲ့ အံဝင်မယ့် ကစားသမား ဖြစ်ကြောင်း ယုံကြည်ထားကြပါတယ်။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝ ပထမဦးဆုံး အင်တာဗျူးမှာတော့ ဆာဘစ်ဇာက သူဟာ ပွဲထွက်ခွင့် ရဖို့ တခုထဲ အတွက် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းလာတာ မဟုတ်ပဲ ဆုဖလားတွေ ရယူဖို့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းလာတာသာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဆာဘစ်ဇာက – “ကျွန်တော်က ကျွန်တော့်မှာ ရှိတဲ့ အရာအားလုံးကို ဒီအသင်း ၊ ဒီဂျာစီ အတွက် ပေးဆပ် ကစားသွားမှာပါ။ ကျွန်တော်က ဒီအသင်းဆီ ပြောင်းရွှေ့နိုင်ခဲ့သလို ပျော်ရွှင်မိသလို အကောင်းဆုံး ကြိုးစား ကစားဖို့ ဆုံးဖြတ်ထားတာကြောင့် ဘာတွေ ဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ပေးပါလို့ ပြောချင်ပါတယ်။ ကျွန်တော်က ဆုဖလားတွေ ရယူဖို့ အတွက် ဒီအသင်းဆီ ပြောင်းလာတာပါ” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။