ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ဆာဒီယို မာနေးကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ၁-၀ လီဗာပူး ချန်ပီယံလိဂ် ဗိုလ်လုပွဲ အပြီးမှာပဲ သူက လီဗာပူးကနေ ထွက်ခွာတော့မယ့် အကြောင်း ပရိသတ်တွေကို အသိပေး အကြောင်းကြားသွားခဲ့ပါတယ်။

အသက် ၃၀အရွယ် ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှူး ဆာဒီယို မာနေးဟာ လီဗာပူးနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုဖို့ ဆုံးဖြတ်ထားသလို ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကလည်း သူ့ကို ခေါ်ယူဖို့ တရားဝင် ကြိုးပမ်းနေပါတယ်။

Photo Credit: Metro

ဆာဒီယို မာနေးဟာ လီဗာပူးရဲ့ သမိုင်းဝင် အောင်ပွဲတွေ အတွက် အဓိကကျခဲ့တဲ့ တိုက်စစ်မှူး တဦး ဖြစ်သလို ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူး အတွက် ပြိုင်ပွဲစုံ ၅၁ပွဲ ပါဝင် ကစားပေးထားရာ ၂၃ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ လာမယ့် နွေအပြောင်းအရွှေ့မှာ အဓိက တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးကို လက်လွှတ်ရတော့မယ့် ဘိုင်ယန်မြူးနစ်က ဆာဒီယို မာနေးကို ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး ဆာဒီယို မာနေးကလည်း ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားကြောင်း နာမည်ကြီး ဂျာမန် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနက အခိုင်အမာ ဖော်ပြထားပါတယ်။

Photo Credit: Metro

ရီးရဲလ်မက်ဒရစ် ၁-၀ လီဗာပူး ချန်ပီယံလိဂ် ဗိုလ်လုပွဲ အပြီးမှာတော့ ဆာဒီယို မာနေးက သူဟာ လီဗာပူးကနေ ထွက်ခွာတော့မယ်လို့ အတည်ပြု ပြောကြားခဲ့ပြီး သူ့ရဲ့ အသင်းဖော်တွေနဲ့ သူ့ကို အားပေးတဲ့ ပရိသတ်တွေ အနာဂတ်မှာ မျှော်မှန်းထားတဲ့ အောင်မြင်မှုတွေ ရရှိပါစေလို့လည်း ဆုတောင်းပေးခဲ့ပါတယ်။

မာနေးက – “ကျွန်တော့်ကို အားပေးခဲ့တဲ့ ပရိသတ်တွေနဲ့ နည်းပြ(ကလော့ပ်)ကို အရာရာတိုင်း အတွက် ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော်က အသင်းဖော်တွေကိုလည်း ကမ္ဘာပေါ်မှာ ရှိတဲ့ အကောင်းဆုံးအရာတွေ ရပါစေလို့ ဆုတောင်းပေးချင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။